Friday, May 8, 2009

မင်းရဲ့ အချစ်တွေနဲ့
ငါ့ရဲ့ဘ၀ကို ထုံမွှန်းထားခဲ့ပြီးမှ
မင်းပေးတဲ့ အမုန်းတွေကို
ငါဘယ်လိုခံယူရမှာလဲ။
မင်းရှိမှနေနိုင်တဲ့ငါ
မင်းထားသွားတော့
ဘယ်လိုနေရမှာလဲ။
မင်းပေးခဲ့တဲ့ ကတိတွေနဲ့
အတူထားခဲ့တဲ့သစ္စာတရားကို
မင်းမေ့ရက်ပြီလား။
အေးစက်နေတဲ့မင်းရဲ့စကားသံကို
မခံစားနိုင်တာငါ့ရဲ့အပြစ်လား
စူးရှမာကြောတဲ့မင်းရဲ့အကြည့်ကို
ရင်မဆိုင်ရဲတာငါ့ရဲ့အပြစ်လား
သေချာတာတစ်ခုကတော့
အခုထိမင်းကို
တမ်းတနေဆဲ
သတိရနေဆဲ
ချစ်နေဆဲပါကွာ။
ဒါတွေဟာ
မင်းကိုချစ်မိတဲ့ ငါ့ရဲ့အပြစ်တွေပါ။

ရေးသားသူ။ ။ လရိပ်ချို (မူပိုင်)

လရိပ်ကို လူတစ်ယောက်က မေးဖူးတယ်။ အဲဒီမေးခွန်းဟာ လရိပ်တကယ် မျှော်လင့်မထားတဲ့ မေးခွန်း………အင်း ဒီလိုပြောလို့လည်းရသေးတယ် ….. လရိပ်လည်းတစ်ခါမှ သေသေချာချာ မစဉ်းစားဖူးတဲ့ မေးခွန်းလေးပေါ့။

အဲဒီမေးခွန်းက “အချစ်ဆိုတာကိုဘယ်လိုနားလည်လဲ” တဲ့လေ။ အဲဒီအဖြေကို လရိပ်ကိုယ်တိုင် လည်း အတိအကျ မသိတာတော့အမှန်ပါ။ အချစ်ဆိုတာက တကယ်တော့ အဓိပါယ်ဖွင့်လို့မရဘူးလားမသိဘူးနော်။ လရိပ်က တောင်မှသူ့ကိုပြန်မေးလိုက်ချင်ပါသေးတယ်…….. “တကယ်လို့ ကိုယ့်စိတ်ထဲမှာ အဲဒီသူတစ်ယောက် ကို အရမ်းသတိရနေမိတယ်ဆိုရင် အချိန်တိုင်းမှာ သူ့အကြောင်းကိုပဲတွေးနေမိတယ်ဆိုရင် အဲဒါအချစ်လားဟင်။ အဲဒါကိုအချစ်လို့ယူဆရင် သူ့ကိုအမြဲတမ်းတွေ့နေချင်တဲ့စိတ်ကရော။ ဒါမှမဟုတ် သူ့ရဲ့ အသံကိုမမြဲတမ်း ကြားချင်နေတဲ့စိတ်ကရော။ အဲဒါတွေအကုန်လုံးကိုအချစ်လို့ယူဆရမှာလား။ ဒါမှမဟုတ်စွဲလမ်းခြင်းလို့ ယူဆရမှာလားဟင်။ ဒါမှမဟုတ်စွဲလမ်းခြင်းက အချစ်လားဟင်” လို့လေ။

ဒီလိုဆိုရင်တော့ လူတွေဟာ သူတို့ကိုယ်သူတို့ နှိပ်စက်နေကြလေခြင်းလို့ လရိပ်ကတော့မြင်ပါတယ်။ စွဲလမ်းတယ်ဆိုတာ ဘာကိုပဲစွဲလမ်းစွဲလမ်း မကောင်းတာတော့အမှန်ပါပဲ။ ဒီစွဲလမ်းမှုဆိုတဲ့အချစ်ကို လူတွေက မစွန့်ပယ်နိုင်ကြဘူးနော်။ ဒါပေမယ့်လည်း လူမှန်ရင်အချစ်နဲ့မကင်းတာအမှန်ပဲလို့လည်း ကြားတော့ ကြားဖူးပါရဲ့လေ။ ကိုယ်ပိုင်ဆိုင်ရတဲ့အချစ်က အချစ်စစ်နဲ့ အတုအယောင်အချစ်ပဲကွာမယ်ထင်ပါတယ်။ လရိပ်ကတော့ ပူလောင်ရမယ့်အတူတူ အချစ်စစ်ကိုပဲတွေ့ချင်တယ်။ ဟိ… လရိပ်လောဘများကြီးသွားလားမသိ… :P ။

သီချင်းတောင်ရှိသေးတယ်လေ……“ကမ္ဘာပေါ်မှာလူတိုင်း စကားလေးတစ်ခွန်းကိုပြောဖူးကြတယ် အဲဒါဟာ ချစ်တယ်တဲ့……….” အချစ်ကြောင့်လူတွေစိတ်ချမ်းသာမှုကို ရနိုင်သလို အချစ်ကြောင့်ပဲ လူတွေ စိတ်ဆင်းရဲမှုတွေ ဖြစ်ပေါ်ရတယ်လေ။ ဒါဆိုရင်စိတ်ချမ်းသာမှုအတွက်ချစ်တာကတော့ ဟုတ်ပါပြီ။ စိတ်ဆင်းရဲမှန်းကို သိနေရက်နဲ့ရော ဘာလို့များ အချစ်ကို စမ်းသပ်ချင်ကြတာလဲဟင်။ အချစ်မှာ ဘာအစွမ်းသတ္တိများရှိလို့ ဘာတန်ခိုးတွေများရှိလို့ ဒီလိုမျိုးအဖြစ်တွေကို ဖန်တီးနိုင်ရတာလဲမသိဘူးနော်။ လရိပ်ကိုယ်တိုင်တော့ အဖြေကိုရှာမရပါဘူးလေ။ ဒါ့ကြောင့်လရိပ်ကတော့ အချစ်ဆိုတာကို စမ်းသပ်ပြီးရင်းလည်း စမ်းသပ်ချင် ချစ်ပြီးရင်လည်း နောက်ထပ်ချစ်ချင်။ အချစ်နဲ့တွေ့ပြန်တော့လည်း စိတ်ဆင်းရဲမှု စိတ်ချမ်းသာမှုကို ရမယ်လို့သိရက်နဲ့ စမ်းသပ်ချင်ကြ……… မကောင်းမှန်းသိရက်နဲ့လည်း ရှေ့ဆက်ထပ်ချစ်ချင်ကြလို့ အချစ်ကို ငရုတ်သီးနဲ့ပဲတင်စားချင်တော့တယ်။ ငရုတ်သီးဟာ ပူစပ်ပူလောင်နဲ့ လျှာမှာစွဲကျန်ခဲ့တဲ့ အရသာရှိတာကိုက ကိုယ့်ကိုယ်ကို ဒုက္ခပေးနေတဲ့အရသာကြီးလေ။ ဒါပေမယ့် သူ့ကိုစားရင်အ၀င်လည်းဆိုး အထွက်လည်းဆိုးတယ် ဆိုတာလည်းသိတယ်။ သိရက်နဲ့လည်း လူတွေက စားကြချင်ကြတယ်။ စားပြီးရင်လည်းပဲ ဆက်စားချင်နေတယ်။ အဲဒါကြောင့် အချစ်သည် ငရုတ်သီးနှင့်တူသည်လို့ပဲ လရိပ် တင်စားလိုက်ပါရစေနော်။

ကဲ……….လရိပ်ရဲ့ သူငယ်ချင်းတွေ မောင်နှမတွေကရော အချစ်ဆိုတာကို ဘယ်လိုထင်ကြလဲဟင်။ ထင်မြင်ချက်လေးတွေရှိရင် ပေးသွားပါဦးနော်။ မကွယ်မ၀ှက်တမ်းပေါ့။

ရေးသားသူ။ ။လရိပ်ချို(မူပိုင်)

;;