Wednesday, June 24, 2009

“အချစ်ဆိုတာ……. ငါ့အတွက်တော့
သူ့ကိုပိုင်ဆိုင်ရမှ အချစ်မဟုတ်ဘူး
လက်ဝယ်ရှိနေမှ အချစ်မဟုတ်ဘူး
မြင်နေရရုံလေးလဲ အချစ်ပဲ
အဝေးကနေသူ့ကို ငေးကြည့်နေရရုံလေးလဲအချစ်ပဲ
အကုန်အကုန်ပြောမယ်ကွာ ငါ့ရှေ့ကနေသူ
ငါမဟုတ်တဲ့တခြားကောင်လေးတစ်ယောက်နဲ့တွဲသွားပါစေဦး
သူငါ့ရဲ့မျက်စိအောက်မှာရှိနေသေးတယ်ကွာ။
အဲဒါတွေကိုပဲ ငါအချစ်လို့မှတ်ပြီးတော့ တင်းတိမ်ရောင့်ရဲနိုင်တယ်။
ငါဒီစကားတွေကို သူ့ကိုလည်းပြောထားပြီးသားပါဟာ။
ငါဒီလောက်နားလည်းပေးရက်သားနဲ့ သူမို့လို့ငါ့အသည်းကို ဟက်တက်ခွဲပြီး ငါ့ကိုပစ်သွားရက်တယ်ကွာ။
သူငါ့အပေါ်ဘယ်လိုပဲဆက်ဆံဆက်ဆံ ဘယ်လောက်ပဲဆိုးနေနေ ခွင့်လွှတ်နိုင်ပါတယ်
အခုသူကငါ့ကို အဝေးကလှမ်းပြီး ငေးခွင့်လေးတောင်မပေးဘူးကွ
သူကငါ့ထက်သာတဲ့သူကို လက်ထပ်ပြီးနိုင်ငံခြားကို ထွက်သွားပြီလေ
ကဲ…. လရိပ်ရယ် နင်စဉ်းစားကြည့်စမ်း။ ငါ့ရဲ့အချစ်တွေကိုအကုန်ယူသွားပြီး အခုသူကငါမဟုတ်တဲ့တခြားတစ်ယောက်နဲ့ ငါ့မျက်စိအောက်ကပျောက်ကွယ်သွားပြီဟာ……။”

လရိပ်ရဲ့သူငယ်ချင်းလေး လတ်လတ်ဆပ်ဆပ်အသည်းကွဲပြီး လရိပ်ကိုရင်ဖွင့်သွားတဲ့စကားလေးပါ။ အမှတ်တရလေးအဖြစ်ရေးသားဖော်ပြလိုက်ပါတယ်။ ကဲ……….. လရိပ်ရဲ့ သယ်ရင်းကြီးရေ သယ်ရင်းရဲ့ အသည်းတွေနောက်ထပ်မကွဲဘဲ…. သယ်ရင်းရဲ့ အချစ်တို့ကိုလည်းနားလည်ပေးနိုင်တဲ့သယ်ရင်းရဲ့ အကောင်းဆုံးလက်တွဲဖော်လေး တစ်နေ့မှာ ပေါ်လာပါစေ…သယ်ရင်းရဲ့ တင်းတိမ်ရောင့်ရဲခြင်းအချစ်တွေကို သူနားလည်ပေးနိုင်ပြီး ပိုင်ဆိုင်မှုအချစ်သို့ပြောင်းလဲနိုင်ပါစေလို့ လရိပ်ဆုတောင်းပေးလိုက်ပါတယ်နော်……။

ရေးသားသူ။ ။ လရိပ်ချို(မူပိုင်)

Sunday, June 14, 2009

လရိပ်ရဲ့ ရင်ထဲကို ရောက်နေတဲ့ကဗျာလေးတစ်ပုဒ်ကို ရေးသားတင်ပြလိုက်ပါတယ်ရှင်။

ဘာတွေနဲ့ပြုစားခဲ့သလဲ
တစ်ချက်လေးငဲ့ကြည့်လိုက်တိုင်းမှာ
ရင်သက်လှိုက်မောတယ်။
အကြည့်တစ်ချက်ကြောင့်
ပြာကျသွားနိုင်လောက်တယ်ဆိုပေမယ့်
ကြွေတိုင်းမွှေးတဲ့ခရေလိုပဲ
အတိတ်ဆိုတာလဲ
သင်းသင်းလေးမွှေးခဲ့တယ်။
ယုံကြည်မယ်ဆိုရင်
ချစ်ခွင့်ကိုတော့မတောင်းခံလိုပါဘူး
ချစ်နေတာလေးကိုပဲ
အသိအမှတ်ပြုပေးဖို့ပါ။

ဒီကဗျာလေးကို လရိပ်ကူးရေးထားတာတော့ ကြာပါပြီ။ ဘလော့မှာဖော်ပြဖို့အိုင်ဒီယာလေးရလို့ အားလုံးဖတ်ရှုနိုင် အောင် ရေးသားလိုက်ခြင်းဖြစ်ပါတယ်ရှင်။

ရေးသားသူ။ ။လရိပ်ချို (မူပိုင်မဟုတ်ပါ)

Tuesday, June 9, 2009

လရိပ်ဒီတလောမီးကိုမမြင်ရတာတော်တော်တောင်ကြာပြီ။ အင်း…. စာရိုက်မယ် ပိုစ့်တင်မယ်လို့စဉ်းစားလိုက် တယ်။ မီးလားတယ်ဆိုပြီး ၀မ်းသာအားရနဲ့ ကွန်ပျူတာကိုဖွင့်တယ် ဟော… မီးကပြန်ပျက်တယ်။ မီးလာတယ် ဆိုပြီး စာရိုက်ဖို့ နောက်တစ်ခါကွန်ပျူတာဖွင့်တယ်။ အမှတ်မရှိသေးတာလေ..။ မီးကပျက်သွားပြန်တယ်။ အော်… ဒီနေ့ရုံးကနေစဉ်းစားလာတယ်။ မီးလာတယ် ပိုစ့်ရိုက်မယ်ပေါ့။ အဟင့် ဟင့်… မီးကမလာဘူးတဲ့။ ကဲ…. ဘယ်လို လုပ်ရပါမလဲ ကိုကိုမီးရယ်လို့ပဲ အော်လိုက်ချင်တော့တယ်။
ကဲ ညဉ်းချင်းလေးတော့ပြီးသွားပြီ အဟိ။ ပို့်စ်အသစ်မတင်ဖြစ်တာကို အကြောင်းပြတာ။ လရိပ်ကတော့ ကော်နက်ရှင်အပြစ်တင်လိုက် မီးကိုအပြစ်တင်လိုက်နဲ့လို့ ထင်ကြမယ်ထင်တယ်နော်။ အဲဒီလိုတော့ မထင် လိုက်ကြပါနဲ့။ အဲဒီသဘောမဟုတ်ရပါဘူး။ လရိပ်တို့ ပို့စ်တင်ဖို့က ဒါတွေရှိမှဖြစ်မှာလေလို့။ အဲဒါကြောင့် ညဉ်းမိတာပါရှင်။
အော် … နေပါဦး…. မီးကို အပြစ်တင်နေတာ လရိပ်ရေးမယ့်ပိုစ့်လေးတောင်မေ့သွားတယ်။ ဘာရေးမလို့ပါလိမ့်။ ပြန်တောင်စဉ်းစားရတယ်။ အော်….. သိပြီ။ လရိပ်ကြည့်ဖူးတဲ့ ရုပ်ရှင်ကားလေးအကြောင်းကို လရိပ်ဘော်ဒါ တွေကို ပြောပြမလို့လေ။
အဲဒီကားလေးကတော်တော်ကောင်းတယ်။ ပညာပေးလေးဆိုပါတော့။ ကဲ…. လရိပ်ကြည့်ထားသမျှကို ခံစား တင်ပြလိုက်မယ် လာလေရော့လေဟယ်……
အဲဒီဇာတ်လမ်းလေးကတော့…………ကောင်လေးနဲ့ ကောင်မလေး ချစ်သူစဖြစ်တဲ့ပုံစံလေးနဲ့ စထားတယ်။ ကောင်လေးနဲ့ကောင်မလေးတို့ ချစ်သူမဖြစ်ခင်က ကောင်လေးမှာစေ့စပ်ထားတဲ့သူရှိတယ်လေ။ ကောင်လေးက အဲဒီကောင်မလေးကို မချစ်ဘူး။ အိမ်ကသဘောတူလို့သာ ယူရမှာလေ။ နောက်တော့ကောင်လေးက သူသိပ်ချစ်ရတဲ့ ကောင်မလေးကိုတွေ့သွားတယ်လေ။ အဲဒါကို့ သူနဲ့စေ့စပ်ထားတဲ့ကောင်မလေးက သိသွားပြီး စေ့စပ်ထားတာကို ဖျက်သိမ်းလိုက်တာပေါ့။ အဲဒီတော့မှ သူလည်းသူချစ်တဲ့ကောင်မလေးကို ဖွင့်ပြောပြီး သူတို့နှစ်ယောက် လက်ထပ်လိုက်တယ်လေ။ ဒီကောင်မလေးနဲ့လက်ထပ်တာကို ကောင်လေးအိမ်က လုံးဝ သဘောမတူဘူးလေ။ ဒါကြောင့်ကောင်လေးက သူ့အစွမ်းအစနဲ့ပဲ အိမ်လေးငှားပြီးတော့ အဲဒီအိမ်လေးမှာ သူတို့နှစ်ယောက်နေကြတယ်။ လက်မထပ်ခင်ကတည်းက ကောင်မလေးက အမြဲတမ်းလိုလို ခေါင်းကိုက်တတ် တယ်လေ။ လက်ထပ်ပြီးတော့ အဲဒီရောဂါကပိုဆိုးလာတာပေါ့။ ဒါနဲ့ကောင်လေးက ကောင်မလေးကို ဆေးခန်း သွားပြဖို့တိုက်တွန်းပြီး ဆေးခန်းကိုခေါ်သွားတာပေါ့။ ဆေးခန်းမှာ ဓာတ်မှန်တို့ဘာတို့ရိုက် လိုအပ်တာတွေ အားလုံးလုပ်ပြီးတော့ ဆရာဝန်က ကောင်လေးကိုခေါ်ပြောလိုက်တယ်။ ကောင်မလေးဦးနှောက်ထဲမှာ အကြိတ်ဖြစ် နေတယ်တဲ့၊ ရောဂါက လည်းတော်တော်ရင့်နေပြီတဲ့လေ။ တော်တော်ကိုနောက်ကျသွားပြီတဲ့။ စောစောသာသိခဲ့ရင်ဒီလောက်ထိ မဆိုးနိုင်ဘူးပေါ့။ ခုတော့သောက်ဆေးနဲ့ကုလို့လည်းမရနိုင်သလို ခွဲစိပ်ရင်လည်း ပြန်ကောင်းဖို့ရာခိုင်နှုန်းက ၁၀% လို့လည်း ဆိုရော ကောင်လေးမှာအရုပ်ကြိုးပြတ်ပဲပေါ့။ ကောင်လေးမှာ ကောင်မလေးကို ဖွင့်လည်းမပြောရက် ဘာလုပ်လို့ ဘာကိုင်ရမှန်းလည်းမသိဖြစ်ပြီး နောက်ဆုံးတော့ ကောင်လေး ရဲ့ အမူအရာကိုကြည့်ပြီး ကောင်မလေးက မေးလိုက်ရာကနေ သူ့ရောဂါကိုသိသွားတာပေါ့။ အဲဒီဇာတ်လမ်းလေး နောက်ဆုံးကတော့ ပြောဖို့တောင် မလိုတော့ ဘူးထင်ပါတယ်နော်။ ကောင်မလေးက အသက်ဆုံးသွားတာပေါ့။
ဒီကားလေးကြည့်ပြီးတော့ လရိပ်ငိုလိုက်ရတာ မျက်ရည်တောင် တစ်ဇလုံလောက်ရတယ်။ သူတို့လက်ထပ်ပြီးလို့ လပိုင်းလေးပဲရှိသေးတာ။ ကောင်မလေးက ဆုံးသွားတာလေ။ သနားစရာလေး… ပြောရင်းနဲ့တောင်ငိုချင်လာပြီ။
ဒီကားလေးမှာ ချစ်တဲ့သူချင်းညားပြီးတော့လည်း သက်ဆိုးမရှည် ကြာရှည်မပေါင်းလိုက်ရဘူးလေ။ ဒီကားလေးက အချစ်ကားလေးဆိုတာထက် ပညာပေးကားလေးလို့ဆိုရင်လည်းမမှားနိုင်ဘူးထင်ပါတယ်။ ဒီကားလေးကိုကြည့်ပြီး သင်ခန်းစာရတာက ဘယ်ရောဂါကိုမဆို သေးသေးကြီးကြီး ပေါ့ပေါ့တန်တန်မထားဖို့နဲ့ တတ်ကျွမ်းတဲ့ဆရာဝန်ကို ပြသင့်တယ်လို့ လရိပ်တော့ကထင်တယ်။ အဲဒါမှလည်း ကြိုတင်ကာကွယ်နိုင်တာ ကာကွယ်လို့ရနိုင်သလို ကုသမှပျောက်ကင်းမယ်ဆိုလည်း အချိန်မီကုသနိုင်မှာပေါ့နော်။

ရေးသားသူ။ ။ လရိပ်ချို(မူပိုင်)

;;