Wednesday, February 25, 2009

ကမ္ဘာပေါ်ရှိလူအများစု ခံစားနေရတဲ့ စိတ်ဖိစီးမှုတွေကို လျှော့ချပြီး လူကို တည်ငြိမ်မှုရရှိစေမယ့် နည်းလမ်း ၁၀၀ ကို စာရေးဆရာမ Jenny Sutcliffe က သူ့ရဲ့ Chill ဆိုတဲ့စာအုပ်ထဲမှာ ဖော်ပြခဲ့ပါတယ်။ ထိုနည်းလမ်းများထဲမှ အလွယ်ဆုံးနည်းလမ်း ငါးသွယ်ကိုဖော်ပြလိုက်ပါတယ်။
(၁) ခြေတစ်ပေါင်ကျိုးရပ်တဲ့နည်း
ခြေတစ်ပေါင်ကျိုးရပ်နေတဲ့အခါမှာ ဦးနှောက်ဟာ ကြွက်သားတွေဆီကလာတဲ့ အာရုံခံစားမှု အချက်အလက် ပေါင်းများစွာကို စိစစ်ရပါတော့မယ်။ ပြီးရင် ခန္ဒာကိုယ်ကို တည်တည်ငြိမ်ငြိမ် ရပ်တည်နေလို့ရအောင် လမ်းညွှန်မှု တွေကို ဦးနှောက်က ကြွက်သားတွေဆီပြန်ပို့ပေးရတော့မှာပါ။ အကျိုးသက်ရောက်မှုအနေနဲ့ ခန္ဒာကိုယ်နဲ့ စိတ်ရဲ့ စုစည်းမှုကို ရလာပြီး တခြားသော လှုံ့ဆော်မှုတွေကိုပါ ဖြစ်ပေါ်စေပါတယ်။
(၂) သွေးခုန်နှုန်းစမ်းသပ်လျှော့ချနည်း
သွေးခုန်နှုန်းကို ရှာဖွေစမ်းသပ်ပြီး ဒီသွေးခုန်နှုန်းလျော့ကျသွားအောင် အာရုံစူးစိုက်ထားလိုက်ပါ။ အလေ့အကျင့်တော့လိုပါတယ်။ ဒါပေမယ့် မကြာခင်မှာပဲ ကိုယ့်နှလုံးသွေးခုန်နှုန်းကို ကိုယ်ထိန်းချုပ်လာနိုင်ပြီး စိတ်ဖိစီးမှုတွေကို လျှော့ချလာနိုင်မှာပါပဲ။
(၃) တောခြစ်၊ တောင်ခြစ်လုပ်တဲ့နည်း
ပြသနာတစ်ရပ်ကို အဖြေရှာမရဖြစ်နေတာဟာ ကိုယ့်ရဲ့ဦးနှောက်ကို ဘယ်ဘက်အခြမ်း ကျိုးကြောင်းဆင်ခြင်တဲ့အပိုင်းကို အရမ်းအလုပ်လုပ်ခိုင်းပြီး ၀န်ပိနေစေလို့ ဖြစ်ပါတယ်။ စာရွက်တစ်ရွက်ပေါ်မှာ ပုံလေးတွေကို ရည်ရွယ်ချက်မရှိဘဲရေးဆွဲနေလိုက်ပါ။ ဒီလိုလုပ်နေရင် ဦးနှောက်ရဲ့ ဖန်တီးမှုနဲ့ အနုပညာဆိုင်ရာ အခြမ်းကို အလုပ်လုပ်စေပြီး ဘယ်ဘက်အခြမ်းကို အနားပေးလိုက်ရာရောက်သွားပါပြီ။ ဒီအခါမှာ ဦးနှောက်ရဲ့ ဘယ်ညာအခြမ်းနှစ်ခြမ်းကြားမှာ ဆက်သွယ်မှုတွေပေါ်လာပြီး ညာဘက်အခြမ်းရဲ့ ဖျတ်ခနဲပေါ်လာတတ်တဲ့ စိတ်လှုံ့ဆော်မှုကြောင့်ပြသနာရဲ့ အဖြေပေါ်ထွက်လာနိုင်ပါတယ်။
(၄) ရေခဲတုံးတွေသုံးတဲ့နည်း
စိတ်ဖိစီးမှုရနေရင် ကိုယ့်ရဲ့ပါးစပ်နဲ့ လည်ချောင်းတွေ တင်းတောင့်နေတတ်ပါတယ်။ ရေခဲတုံးလေးတစ်တုံး လောက် ပါးစပ်ထဲထည့်ထားလိုက်ပါ။ ပါးစပ်ထဲက အေးမြတဲ့ ခံစားမှုကြောင့် ခံစားရတဲ့ ခေါင်းကိုက်ဝေဒနာတွေကိုပါ သက်သာစေပါတယ်။ အရသာရှိတဲ့ ရေခဲတုံးနဲ့ ရေခဲချောင်းတွေဟာလည်း စိတ်ဖိစီးမှုကို လျော့ပါးစေပါတယ်။
(၅) မက်ဂနီစီယမ်နဲ့ ကုစားနည်း
စိတ်လှုပ်ရှားမှုကြောင့် စိတ်တင်းကျပ်မှုတွေ ခံစားရတာ၊ စိတ်ဆိုးလွယ်တာ၊ အချိုတွေ စားချင်နေတာနဲ့ ၀မ်းချုပ်တာတွေဟာ မက်ဂနီစီယမ်ဓာတ်ချို့တဲ့နေလို့ ဖြစ်နိုင်ပါတယ်။ မက်ဂနီစီယမ်ဟာ ဦးနှောက်ထဲမှာသိုလှောင်ပစ္စည်းအဖြစ် ရှိနေတတ်ပြီး စိတ်ဖိစီးမှုတွေရရင်လျော့ပါးလာတတ်ပါတယ်။ ဒီလိုအခါမှာတော့ ပန်းသီး၊ ဂေါ်ဖီထုပ်၊ မုန်လာရွက်၊ စီရီရယ်နဲ့ ပဲပိစပ်တို့လို မက်ဂနီစီယမ်ကြွယ်ဝတဲ့ အစားအစာတွေကို စားပြီး ခန္ဒာကိုယ်တွင်းက မက်ဂနီစီယမ်ကို လျော့ပါးစေတဲ့ အဆီများတဲ့ အစားအစာတွေကို လျှော့စားရမှာ ဖြစ်ပါတယ်။

0 Comments:

Post a Comment