Friday, January 30, 2009
စိတ်ဖိစီးမှုရနေလို့ အိပ်မပျော်ဘူး၊ အိပ်ဆေးတွေသောက်ရမလားလို့ဆိုရင် စိတ်ဖိစီးမှုဝင်နေချိန်မှာ ကောင်းကောင်းအိပ်မရတာဟာ သ ဘာဝလို့ဆိုရပါမယ်။ ဒါ့ကြောင့် စိတ်ဖိစီးမှုကိုလျော့နည်းစေပြီး အိပ်ပျော်ချင်ရင်တော့ အောက်ပါအချက်များကို လိုက်နာဆောင်ရွက် သင့်ပါတယ်။ ရုပ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်နေရင် ပုရိသအများစုဟာ အိပ်ပျော်တတ်တာမို့ မနက်တိုင်းမှာမိနစ်၄၀လောက် လမ်းမြန်မြန် လျှောက်ပေးပါ။ အိပ်ဆေးတွေဟာ စွဲစေတတ်ပြီး၊ လူအများစုကို မူးဝေ၊ နွမ်းနယ်စေတတ်ပါတယ်။ ဒါ့ကြောင့် အိပ်ဆေးကို မသောက်သုံးပဲ အိပ်ရာမ၀င်ခင်အလုပ်နဲ့ မပတ်သက်တဲ့စာလေးတွေဖတ်၊ အရက်နဲ့ ကော်ဖီကို ရှောင်မယ်ဆိုရင်တော့ အိပ်မပျော်တဲ့ ဝေဒနာကို ကုစား လို့ရနိုင်ပါတယ်။
Labels: ကျန်းမာရေးသုတ
ညီမလေးတို့ရေ
ယောက်ျားယူတော့မယ်ဆိုရင်လေ……
ယောက်ျားလေးတစ်ယောက်အဖို့ ရုပ်ချောဖို့မလိုပါဘူး။ ပိုက်ဆံလေးထောရင်ပြီးတာပါပဲလေနော့်။ Shopping မှာမ၀ယ်ဘဲ ဈေးကိုအနည်းဆုံးသုံးပတ်လောက် လျှောက်ကြည့်တာကို မငြီးမငြူ ဂျီးမထူပဲ လိုက်နိုင်ရင်တော်ပါပြီ။
ယောက်ျားလေးတစ်ယောက်အဖို့ သူအရင်နေခဲ့တဲ့အိမ်ကျယ်မကျယ်က အရေးမကြီးပါဘူး။ လက်ထပ်ပြီးရင်နေမယ့် အိမ်ကိုသာ ကြီးကြီးလေးဝယ်ထားရင်ပြီးတာပါပဲလေ။
မင်္ဂလာဆောင်မယ့်စရိတ်အတွက်လည်း ပူစရာမလိုပါဘူး။ သူ့လက်ထဲမှာရှိတဲ့ပိုက်ဆံအကုန် ကိုယ့်လက်ထဲအပ်ထားမယ်ဆိုရင် ကိုယ်ကစိုက်ထုတ်ပေးမှာပေါ့လေ။
အသွင်မတူအိမ်သူမဖြစ်တဲ့။ အသွင်တူအောင်သူက ဘောလုံးပွဲကြည့်မယ်ဆိုရင် ကိုယ်ကဘောလုံးသမားတွေကိုကြည့်လိုက်ပေါ့။ တစ်ပွဲမှာတစ်ယောက်တော့ အရမ်းချောမှာအသေအချာပဲလေ။
သူ့ကျန်းမာရေးကိုဂရုစိုက်ပေးရမယ်နော်။ အသားဓာတ်လိုရင် “ပဲ” သာများများကျွေးပေါ့။ အသားစားလို့ သွားကိုက်ရင် သူအရမ်းခံစားနေရမှာစိုးရိမ်လို့ လုံးဝမကျွေးမိစေနဲ့နော်။ ကိုယ့်ယောက်ျားဖြစ်တဲ့သူက ဝေဒနာခံစားနေရရင် ဘယ်မိန်းမကြည့်ရက်မှာလဲနော်။ ဒါ့ကြောင့်အသားဆိုရင် ကိုယ်ကသာအနစ်နာခံပြီးတော့ စားပေးလိုက်ပေါ့။
ကိုယ့်ယောက်ျားက ခေတ်နဲ့တပြေးညီဖြစ်နေရင် နောက်မိန်းမယူသွားမှာကို စိုးရိမ်နေရလိမ့်မယ်။ အဲ…. ဒါကြောင့် သူ့အတွက်အင်္ကျီနှစ်ထည်၊ ပုဆိုးနှစ်ထည်ရှိရင် တော်ရောပေါ့။ ကိုယ်ကတော့ခေတ်နဲ့အညီ နေနိုင်မှယောက်ျားအချစ်မလျော့မှာမို့ လှတပတလေးဆိုရင် ၀ယ်သာဝယ်နော်။ ဈေးနှုန်းဆိုတာက ကိုယ်ပြောမှသူသိတာမဟုတ်လား။
ထမင်းချက်တဲ့နေရာမှာလည်း ချို၊ ချဉ်၊ ငန်၊ စပ်၊ ပျော့၊ တူး၊ မနပ် ဆိုတဲ့စကားနဲ့အညီ တစ်နေ့ တစ်နေ့အရသာမထပ်အောင် ချက်ကျွေးရမယ်နော်။ ကိုယ်ကလုံးဝမစားနိုင်ရင်တော့ တစ်ခုခုစားစရာ ၀ယ်ပြီး ချက်ပြုတ်နေတုန်းစားထားနှင့်ပေါ့။ ထမင်းဘာလို့မစားတာလဲ ဆိုရင်တော့ ၀ိတ်ချနေတယ်ပေါ့လေ။
အ၀တ်အစားတွေလျှော်ဖွတ်ရမှာတော့ အိမ်ရှင်မတွေရဲ့တာဝန်ဆိုတော့လေ သူပြောစရာမလိုခင် ကိုယ်ကဦးအောင်လုပ်ထားရမှာပေါ့လေ။ Laundry Service ဆိုင်တွေရှိနေတာပဲဟာ။
အိမ်ခန်းသန့်ရှင်းရေးလုပ်ရတာလည်း လွယ်ပါတယ်။ ဖွထားတာမှန်သမျှလွင့်သာပစ်လိုက်။ နောက်ဆိုရင် ရှုပ်အောင်ဘယ်သူမှလုပ်မှာမဟုတ်တော့ဘူးပေါ့။
လှည်းကျင်းလျှော်ဖွပ်ရတာ ပင်ပန်းနေပြီဆိုရင်တော့ နားလိုက်တော့ပေါ့။ ပန်းကန်ခွက်ယောက်ဆေးဖို့ လည်း ပူစရာမလိုပါဘူးနော်။ Paper Plates တို့ Paper Cup တို့ရှိသားပဲဟာ။
ဈေးသွားရင်လည်း သူလိုက်ပါစေလေ။ မဟုတ်ရင်အမှိုက်ထုပ်ကြီးကိုယ်သယ်နေရမှာပေါ့။ အမှိုက်ထုပ်က ဈေးခြင်းထဲထည့်ယူမှာမဟုတ်လား။ ဈေးဝယ်ပြီးလို့အပြန်ကျရင်တော့ ကိုယ်ကသယ်ပေးလိုက်ပေါ့လေ။ ကူလီခကဘယ်လောက်မှမရှိပါဘူး။
ကိုယ်နဲ့သဘောထားချင်းမတိုက်ဆိုင်ရင် အတင်းကြီးညိုမယူပါနဲ့လေ။ ကိုယ်လုပ်ချင်ရာသာလုပ်လိုက်ပါ။
သူကကိုယ်လိုချင်တာတွေကို ၀ယ်ပေးဖို့ငြင်းဆန်နေရင်၊ ကိုယ့်ကိုအလိုလိုက်အလျှော့ပေးနောက်ဆုတ် ဖို့ တွန့်ဆုတ်နေရင်တော့ Holly wood ကမင်းသမီးတွေယောက်ျားဘယ်နှစ်ယောက်ယူသလဲဆိုတဲ့ စာရင်းလေးလုပ်ပြီးတော့သာ သူ့ကိုပြလိုက်ပေါ့။
အသိတစ်ယောက်က ယောက်ျားလေးတို့ မိန်းမများယူရင်လေဆိုတဲ့စာသားလေးကို ဖတ်ခိုင်းလိုက်တဲ့အခါမှာ မိန်းကလေးများအတွက်မခံချင်ဖြစ်မိပါတယ်။ ဒါကြောင့် ဒီမှတ်စုလေးကို မေးကနေတဆင့်ရလို့ အစ်မကြီး၊ ညီမလေးတို့ သိရှိနိုင်အောင် ဖော်ပြလိုက်ပါတယ်။
Labels: မှတ်စု
Thursday, January 22, 2009
- ဇမ္မူတိုင်းမှာ အဖြေညှိပြရရင်
အပူလှိုင်းဖြာ ဝေဒနိကတွေနဲ့
လူတိုင်းဟာ အမေရှိကြတယ်။
မရေမရာ ပဟေဠိတွေကြောင့်
အသေအချာ အဖေမသိတောင်မှ
အမေရှိတယ်။
- ချစ်သဒ္ဒါဝေကဲ
ပြည့်တန်ဆာအမေလည်း အမေ၊
အကြွေးကြွယ်လှတဲ့
ဈေးသည်မအမေလည်း အမေ၊
အကြောင်းတရားအခြေမွဲ
သူတောင်းစားအမေလည်း အမေ။
- သားသမီးတွေ ကြီးထွားစေရော့လို့
စီးပွားအထွေထွေ
စိန်ရွှေပတ္တမြား အိမ်မြေကားနဲ့
ငွေသားအမွေ
ပေးနိုင်မှ အမေမဟုတ်။
- ယိုင်နဲ့နဲ့တဲအတွင်း
လှဲခင်းအိပ်နေစရာ တိုးဖယ်ပေးခဲ့
အရိုးဟင်း တစ်ဖဲ့စီဝေ
ထမင်းရည်အတူသောက်
ဗိုက်မှောက်တော့အတူတူ။
- ခြင်ထောင်မရှိ ခြုံစောင်မရှိ
ခင်းအိပ်စရာ ဖျာလည်းမရှိလို့
ခြင်ကိုသွေးလှူ အတူတူ
ကြမ်းပိုးသွေးလှူ အတူတူ
အပူကိုမျှဝေ
ဒုက္ခကို ပိုမိုလေးနက်စေ
ပညာအမွေ ရွှေအိုး
ရိုးသားမှုဂုဏ်သိက္ခာ
မေတ္တာ အကြင်နာမှတစ်ပါး
အခြားပေးစရာ အထွေထွေမွဲသော်လည်း
အမေဟာအမေပဲလေ…….။
(အောင်လှိုင်ထွန်း)
Labels: ကဗျာ
တစ်ရွာလုံး အုတ်အော်သောင်းနင်းဖြစ်သွားကာ တောင်ထိပ်ပေါ်သို့ သူ့ထက်ငါ လှမ်းကာကြည့်နေ ကြသည်။ တက်ရဲမည့် သူရဲကောင်းကားပေါ်မလာ။ ကလေးကို တောင်ပေါ်မှ ပြန်ယူပေးနိုင်ရန် အမျိုးမျိုး အကြံဥာဏ်ထုတ်နေကြသော်လည်း အချည်းအနှီးသာ။
ထိုအချိန်မှာပင် ခွန်အားဗလတောင့်တင်းသော သင်္ဘောသားတစ်ယောက်က ကလေးကို သူရအောင် ကယ်မည်ဟုဆိုကာ မတ်စောက်သောတောင်ပေါ်သို့ တက်လေသည်။ ရွာသူရွာသားအားလုံးတို့ကလည်း အမျိုးမျိုး ဆူညံအော်ဟစ်ကာ အားပေးနေကြသည်။ တောင်၏သုံးပုံတစ်ပုံ၊ ထို့နောက် တောင်၏တစ်ဝက်သို့ ရောက်၏။
အော်ဟစ်အားပေးသံများ ဆူညံနေသည့်ကြားကပင် သင်္ဘောသားမှာ ဆက်လက်၍မတက်နိုင်ဟုဆိုကာ ပြန်ဆင်းလာရလေသည်။ ထို့နောက် တောင်တက်သမားတစ်ယောက်က တက်ပြန်သည်။ တောင်တက်သမား လည်း တောင်သုံးပုံနှစ်ပုံခန့်ရောက်သောအခါမှာပင် လက်လျှော့ကာ ပြန်ဆင်းလာပြန်လေသည်။ တောင်တက် သမားပင်လျှင် လက်လျှော့လိုက်သောအခါတွင် ရွာသူရွာသားများမှာ ဘာမျှမတတ်နိုင်တော့ပေ။ အားငယ်စွာ ဖြင့်သာ ကြည့်နေမိကြရလေသည်။
ထိုအချိန်မှာပင် တောသူမတစ်ယောက်က သူတက်မည်ဟုဆိုကာ တက်ပြန်လေသည်။ ယောက်ျားရင့်မ ကြီးများသည်ပင် မတက်နိုင်ကြသည်ကို မိန်းကလေးဆိုလျှင် မည်သို့မျှမဖြစ်နိုင် ဟုတွက်ဆပြီး အများစုက အမျိုး မျိုးတားမြစ်ကြ၏။
တောသူမကား တစ်ဦးတစ်ယောက်၏ စကားကိုမျှနားမ၀င်ဘဲ မတ်စောက်သော ကျောက်တောင်ကြီးကို ကုပ်ဖက်၍တက်လေသည်။ တောင်တစ်ဝက်သို့ရောက်သောအခါတွင် ၀ိုင်းကြည့်နေကြသူများက တောသူမအား အထင်မလျှော့ရဲကြတော့ဘဲ အော်ဟစ်ကာ အားပေးစကားဆိုလာကြသည်။
တောသူမသည် ဖြည်းဖြည်းချုင်းကုပ်ကပ်တက်ရင်းက သင်္ဘောသားနှင့်တောင်တက်သမားတို့ မတက် နိုင်သော တောင်ထိပ်သို့ ရောက်သွားလေသည်။ ထိုအခါ လူထု၏အားပေးသံများမှာလည်း ပိုမိုဆူညံလာ၏။ တောသူမသည် ကလေးကိုကောက်ပွေ့၍ အားရပါးရ အထပ်ထပ် အခါခါ နမ်းရှုပ်လိုက်ပြီး ကျောကုန်းတွင် အနှီးစ ကိုသိုင်းပိုးကာ သူတက်လာခဲ့သည့်အတိုင်း ကုပ်ကပ်ပြန်ဆင်းလေသည်။ အောင်မြင်စွာနှင့် တောင်အောက်သို့ ရောက်လာခဲ့လေသည်။
ထို့ကြောင့်အံ့သြချီးမွမ်းသံများလည်း ဘ၀ဂ်ညံသွား၏။ ယောက်ျားရင့်မကြီးများပင် မတက်နိုင်ကြသော ကျောက်တောင်ကြီးကို တောသူမသည် အဘယ့်ကြောင့်တက်နိုင်ခဲ့သနည်း။ အသက်ကို ပဓာနမထားသော ကြောင့် တက်နိုင်ခဲ့ခြင်းဖြစ်သည်။ အဘယ့်ကြောင့် အသက်ကို ပဓာနမထားသနည်း။ ကလေးငယ်ကို မိမိအသက် ထက်ပို၍ ချစ်သောကြောင့်သာ၊ အဘယ့်ကြောင့် ကလေးငယ်ကို မိမိအသက်ထက်ပိုချစ်သနည်း။ ထိုတောသူမ သည် ထိုကလေးငယ်၏ မိခင်ဖြစ်သောကြောင့်ပင်တည်း။
မြင့်မားမတ်စောက်လွန်းသော ကျောက်တောင်ကြီးပေါ်သို့ သာမန်ယောက်ျား၊ မိန်းမတို့ မတက်နိုင်ကြ သည်မှာ လောကနိယာမပင်ဖြစ်၏။ သို့သော် ထိုတောင်ထိပ်ပေါ်တွင် မိမိ၏ရင်သွေးငယ်ရှိနေမည်ဆိုလျှင်၊ ထိုရင်သွေးငယ်ကိုလည်း မိမိကိုယ်တိုင် အသက်စွန့်ကြိုးပမ်းတက်ယူမှရတော့မည်ဟုဆိုလျှင်ကား မိခင်မေတ္တာ သည် ထိုနိယာမကိုလွန်ဆန်မည်သာဖြစ်၏။ ယခုပင်လျှင် တောသူမတစ်ယောက် လွန်ဆန်ခဲ့ပြီမဟုတ်ပါလား။
Labels: ရသစာပေ
မိခင်မေတ္တာ၊ ပန်းရွှေကြာနှင့်
ပမာနှိုင်းဆို၊ မနှိုင်းလိုပါ
ထိုပန်းနွေခါ နွမ်းသောကြောင့်။

မိခင်မေတ္တာ၊ လစ္ဒာနှင့်
ပမာနှိုင်းဆို၊ မနှိုင်းလိုပါ
ထိုလတိမ်ဖုံး မသာသောကြောင့်။
ကောင်းကင်တွင် လစန္ဒာသာသည် ဆိုခြင်းကား တိမ်မဖုံးမီလေးသာဖြစ်ပါ၏။ မိခင်မေတ္တာလမင်းကြီး ကား တိမ်ဖုံးသောအခါဟူ၍ (သို့) ငါ့မပေါ်မကောင်းသည့်သားသမီးပဲ မေတ္တာမထားနိုင်ပါဟူ၍ မည်သည့်အခါမျှ မရှိပေ။ ထို့ကြောင့် မိခင်မေတ္တာလမင်းကြီးကို ညအခါကောင်းကင်တွင် သာသောလစန္ဒာနှင့် တုနှိုင်းမရနိုင်ပေ။

မိခင်မေတ္တာ၊ စမ်းရေပြာနှင့်
ပမာနှိုင်းဆို၊ မနှိုင်းလိုပါ
ထိုစမ်းနွေခါ ခမ်းသောကြောင့်။
စမ်းရေပြာသည် မည်မျှပင် အေးမြသည်ဆိုသော်လည်း နွေကာလဆိုလျှင် ခမ်းရသည်သာဖြစ်ပါ၏။ မိခင် တစ်ဦး၏ မေတ္တာစမ်းရေကား အမြဲတမ်းဥတုသုံးပါးလုံး အေးမြနေသည်သာဖြစ်သည်။ ထို့ကြောင့် မိခင်မေတ္တာ စမ်းရေကို တောင်ကျစမ်းရေနှင့် နှိုင်းမရနိုင်ပေ။
ကောက်နှုတ်ချက်။ ။ မိဘမေတ္တာရသစုများ
Labels: ရသစာပေ