Thursday, January 22, 2009

စကော့တလန်ပြည်၊ တောင်ကုန်းများထူထပ်သော အရပ်ဒေသတစ်ခုက တကယ့်ဖြစ်ရပ်မှန်လေးတစ်ခု ဖြစ်သည်။ ထိုဒေသတွင် ကြီးမားထွားကျိုင်းသော လင်းယုန်ကြီးတွေရှိသည်။ တစ်နေ့တွင် လင်းယုန်ကြီး တစ်ကောင်က ပုခက်အတွင်းမှ ကလေးတစ်ယောက်အား သုတ်ချီယူလာပြီး မြင့်မားမတ်စောက်သော ကျောက် တောင်တစ်တောင်၏ အစွန်အဖျားတွင် ချထားလေသည်။ ထိုကလေး၏မိခင်ကား ရူးမတတ်ဖြစ်နေရှာသည်။

တစ်ရွာလုံး အုတ်အော်သောင်းနင်းဖြစ်သွားကာ တောင်ထိပ်ပေါ်သို့ သူ့ထက်ငါ လှမ်းကာကြည့်နေ ကြသည်။ တက်ရဲမည့် သူရဲကောင်းကားပေါ်မလာ။ ကလေးကို တောင်ပေါ်မှ ပြန်ယူပေးနိုင်ရန် အမျိုးမျိုး အကြံဥာဏ်ထုတ်နေကြသော်လည်း အချည်းအနှီးသာ။

ထိုအချိန်မှာပင် ခွန်အားဗလတောင့်တင်းသော သင်္ဘောသားတစ်ယောက်က ကလေးကို သူရအောင် ကယ်မည်ဟုဆိုကာ မတ်စောက်သောတောင်ပေါ်သို့ တက်လေသည်။ ရွာသူရွာသားအားလုံးတို့ကလည်း အမျိုးမျိုး ဆူညံအော်ဟစ်ကာ အားပေးနေကြသည်။ တောင်၏သုံးပုံတစ်ပုံ၊ ထို့နောက် တောင်၏တစ်ဝက်သို့ ရောက်၏။

အော်ဟစ်အားပေးသံများ ဆူညံနေသည့်ကြားကပင် သင်္ဘောသားမှာ ဆက်လက်၍မတက်နိုင်ဟုဆိုကာ ပြန်ဆင်းလာရလေသည်။ ထို့နောက် တောင်တက်သမားတစ်ယောက်က တက်ပြန်သည်။ တောင်တက်သမား လည်း တောင်သုံးပုံနှစ်ပုံခန့်ရောက်သောအခါမှာပင် လက်လျှော့ကာ ပြန်ဆင်းလာပြန်လေသည်။ တောင်တက် သမားပင်လျှင် လက်လျှော့လိုက်သောအခါတွင် ရွာသူရွာသားများမှာ ဘာမျှမတတ်နိုင်တော့ပေ။ အားငယ်စွာ ဖြင့်သာ ကြည့်နေမိကြရလေသည်။

ထိုအချိန်မှာပင် တောသူမတစ်ယောက်က သူတက်မည်ဟုဆိုကာ တက်ပြန်လေသည်။ ယောက်ျားရင့်မ ကြီးများသည်ပင် မတက်နိုင်ကြသည်ကို မိန်းကလေးဆိုလျှင် မည်သို့မျှမဖြစ်နိုင် ဟုတွက်ဆပြီး အများစုက အမျိုး မျိုးတားမြစ်ကြ၏။

တောသူမကား တစ်ဦးတစ်ယောက်၏ စကားကိုမျှနားမ၀င်ဘဲ မတ်စောက်သော ကျောက်တောင်ကြီးကို ကုပ်ဖက်၍တက်လေသည်။ တောင်တစ်ဝက်သို့ရောက်သောအခါတွင် ၀ိုင်းကြည့်နေကြသူများက တောသူမအား အထင်မလျှော့ရဲကြတော့ဘဲ အော်ဟစ်ကာ အားပေးစကားဆိုလာကြသည်။

တောသူမသည် ဖြည်းဖြည်းချုင်းကုပ်ကပ်တက်ရင်းက သင်္ဘောသားနှင့်တောင်တက်သမားတို့ မတက် နိုင်သော တောင်ထိပ်သို့ ရောက်သွားလေသည်။ ထိုအခါ လူထု၏အားပေးသံများမှာလည်း ပိုမိုဆူညံလာ၏။ တောသူမသည် ကလေးကိုကောက်ပွေ့၍ အားရပါးရ အထပ်ထပ် အခါခါ နမ်းရှုပ်လိုက်ပြီး ကျောကုန်းတွင် အနှီးစ ကိုသိုင်းပိုးကာ သူတက်လာခဲ့သည့်အတိုင်း ကုပ်ကပ်ပြန်ဆင်းလေသည်။ အောင်မြင်စွာနှင့် တောင်အောက်သို့ ရောက်လာခဲ့လေသည်။

ထို့ကြောင့်အံ့သြချီးမွမ်းသံများလည်း ဘ၀ဂ်ညံသွား၏။ ယောက်ျားရင့်မကြီးများပင် မတက်နိုင်ကြသော ကျောက်တောင်ကြီးကို တောသူမသည် အဘယ့်ကြောင့်တက်နိုင်ခဲ့သနည်း။ အသက်ကို ပဓာနမထားသော ကြောင့် တက်နိုင်ခဲ့ခြင်းဖြစ်သည်။ အဘယ့်ကြောင့် အသက်ကို ပဓာနမထားသနည်း။ ကလေးငယ်ကို မိမိအသက် ထက်ပို၍ ချစ်သောကြောင့်သာ၊ အဘယ့်ကြောင့် ကလေးငယ်ကို မိမိအသက်ထက်ပိုချစ်သနည်း။ ထိုတောသူမ သည် ထိုကလေးငယ်၏ မိခင်ဖြစ်သောကြောင့်ပင်တည်း။

မြင့်မားမတ်စောက်လွန်းသော ကျောက်တောင်ကြီးပေါ်သို့ သာမန်ယောက်ျား၊ မိန်းမတို့ မတက်နိုင်ကြ သည်မှာ လောကနိယာမပင်ဖြစ်၏။ သို့သော် ထိုတောင်ထိပ်ပေါ်တွင် မိမိ၏ရင်သွေးငယ်ရှိနေမည်ဆိုလျှင်၊ ထိုရင်သွေးငယ်ကိုလည်း မိမိကိုယ်တိုင် အသက်စွန့်ကြိုးပမ်းတက်ယူမှရတော့မည်ဟုဆိုလျှင်ကား မိခင်မေတ္တာ သည် ထိုနိယာမကိုလွန်ဆန်မည်သာဖြစ်၏။ ယခုပင်လျှင် တောသူမတစ်ယောက် လွန်ဆန်ခဲ့ပြီမဟုတ်ပါလား။

0 Comments:

Post a Comment