Friday, January 30, 2009

ညီမလေးတို့ရေ
ယောက်ျားယူတော့မယ်ဆိုရင်လေ……
 ယောက်ျားလေးတစ်ယောက်အဖို့ ရုပ်ချောဖို့မလိုပါဘူး။ ပိုက်ဆံလေးထောရင်ပြီးတာပါပဲလေနော့်။ Shopping မှာမ၀ယ်ဘဲ ဈေးကိုအနည်းဆုံးသုံးပတ်လောက် လျှောက်ကြည့်တာကို မငြီးမငြူ ဂျီးမထူပဲ လိုက်နိုင်ရင်တော်ပါပြီ။
 ယောက်ျားလေးတစ်ယောက်အဖို့ သူအရင်နေခဲ့တဲ့အိမ်ကျယ်မကျယ်က အရေးမကြီးပါဘူး။ လက်ထပ်ပြီးရင်နေမယ့် အိမ်ကိုသာ ကြီးကြီးလေးဝယ်ထားရင်ပြီးတာပါပဲလေ။
 မင်္ဂလာဆောင်မယ့်စရိတ်အတွက်လည်း ပူစရာမလိုပါဘူး။ သူ့လက်ထဲမှာရှိတဲ့ပိုက်ဆံအကုန် ကိုယ့်လက်ထဲအပ်ထားမယ်ဆိုရင် ကိုယ်ကစိုက်ထုတ်ပေးမှာပေါ့လေ။
 အသွင်မတူအိမ်သူမဖြစ်တဲ့။ အသွင်တူအောင်သူက ဘောလုံးပွဲကြည့်မယ်ဆိုရင် ကိုယ်ကဘောလုံးသမားတွေကိုကြည့်လိုက်ပေါ့။ တစ်ပွဲမှာတစ်ယောက်တော့ အရမ်းချောမှာအသေအချာပဲလေ။
 သူ့ကျန်းမာရေးကိုဂရုစိုက်ပေးရမယ်နော်။ အသားဓာတ်လိုရင် “ပဲ” သာများများကျွေးပေါ့။ အသားစားလို့ သွားကိုက်ရင် သူအရမ်းခံစားနေရမှာစိုးရိမ်လို့ လုံးဝမကျွေးမိစေနဲ့နော်။ ကိုယ့်ယောက်ျားဖြစ်တဲ့သူက ဝေဒနာခံစားနေရရင် ဘယ်မိန်းမကြည့်ရက်မှာလဲနော်။ ဒါ့ကြောင့်အသားဆိုရင် ကိုယ်ကသာအနစ်နာခံပြီးတော့ စားပေးလိုက်ပေါ့။
 ကိုယ့်ယောက်ျားက ခေတ်နဲ့တပြေးညီဖြစ်နေရင် နောက်မိန်းမယူသွားမှာကို စိုးရိမ်နေရလိမ့်မယ်။ အဲ…. ဒါကြောင့် သူ့အတွက်အင်္ကျီနှစ်ထည်၊ ပုဆိုးနှစ်ထည်ရှိရင် တော်ရောပေါ့။ ကိုယ်ကတော့ခေတ်နဲ့အညီ နေနိုင်မှယောက်ျားအချစ်မလျော့မှာမို့ လှတပတလေးဆိုရင် ၀ယ်သာဝယ်နော်။ ဈေးနှုန်းဆိုတာက ကိုယ်ပြောမှသူသိတာမဟုတ်လား။
 ထမင်းချက်တဲ့နေရာမှာလည်း ချို၊ ချဉ်၊ ငန်၊ စပ်၊ ပျော့၊ တူး၊ မနပ် ဆိုတဲ့စကားနဲ့အညီ တစ်နေ့ တစ်နေ့အရသာမထပ်အောင် ချက်ကျွေးရမယ်နော်။ ကိုယ်ကလုံးဝမစားနိုင်ရင်တော့ တစ်ခုခုစားစရာ ၀ယ်ပြီး ချက်ပြုတ်နေတုန်းစားထားနှင့်ပေါ့။ ထမင်းဘာလို့မစားတာလဲ ဆိုရင်တော့ ၀ိတ်ချနေတယ်ပေါ့လေ။
 အ၀တ်အစားတွေလျှော်ဖွတ်ရမှာတော့ အိမ်ရှင်မတွေရဲ့တာဝန်ဆိုတော့လေ သူပြောစရာမလိုခင် ကိုယ်ကဦးအောင်လုပ်ထားရမှာပေါ့လေ။ Laundry Service ဆိုင်တွေရှိနေတာပဲဟာ။
 အိမ်ခန်းသန့်ရှင်းရေးလုပ်ရတာလည်း လွယ်ပါတယ်။ ဖွထားတာမှန်သမျှလွင့်သာပစ်လိုက်။ နောက်ဆိုရင် ရှုပ်အောင်ဘယ်သူမှလုပ်မှာမဟုတ်တော့ဘူးပေါ့။
 လှည်းကျင်းလျှော်ဖွပ်ရတာ ပင်ပန်းနေပြီဆိုရင်တော့ နားလိုက်တော့ပေါ့။ ပန်းကန်ခွက်ယောက်ဆေးဖို့ လည်း ပူစရာမလိုပါဘူးနော်။ Paper Plates တို့ Paper Cup တို့ရှိသားပဲဟာ။
 ဈေးသွားရင်လည်း သူလိုက်ပါစေလေ။ မဟုတ်ရင်အမှိုက်ထုပ်ကြီးကိုယ်သယ်နေရမှာပေါ့။ အမှိုက်ထုပ်က ဈေးခြင်းထဲထည့်ယူမှာမဟုတ်လား။ ဈေးဝယ်ပြီးလို့အပြန်ကျရင်တော့ ကိုယ်ကသယ်ပေးလိုက်ပေါ့လေ။ ကူလီခကဘယ်လောက်မှမရှိပါဘူး။
 ကိုယ်နဲ့သဘောထားချင်းမတိုက်ဆိုင်ရင် အတင်းကြီးညိုမယူပါနဲ့လေ။ ကိုယ်လုပ်ချင်ရာသာလုပ်လိုက်ပါ။
 သူကကိုယ်လိုချင်တာတွေကို ၀ယ်ပေးဖို့ငြင်းဆန်နေရင်၊ ကိုယ့်ကိုအလိုလိုက်အလျှော့ပေးနောက်ဆုတ် ဖို့ တွန့်ဆုတ်နေရင်တော့ Holly wood ကမင်းသမီးတွေယောက်ျားဘယ်နှစ်ယောက်ယူသလဲဆိုတဲ့ စာရင်းလေးလုပ်ပြီးတော့သာ သူ့ကိုပြလိုက်ပေါ့။
အသိတစ်ယောက်က ယောက်ျားလေးတို့ မိန်းမများယူရင်လေဆိုတဲ့စာသားလေးကို ဖတ်ခိုင်းလိုက်တဲ့အခါမှာ မိန်းကလေးများအတွက်မခံချင်ဖြစ်မိပါတယ်။ ဒါကြောင့် ဒီမှတ်စုလေးကို မေးကနေတဆင့်ရလို့ အစ်မကြီး၊ ညီမလေးတို့ သိရှိနိုင်အောင် ဖော်ပြလိုက်ပါတယ်။

1 Comment:

  1. Unknown said...
    လရိပ်ချို ကတော့ စ ပြီ

    ယောကျာင်္းလေးတွေများ... ဘာမှတ် ?

    ဒါပေမယ့် အတွေး လေး ကတော့ ကောင်း ပါတယ်...။

Post a Comment