Wednesday, June 24, 2009

“အချစ်ဆိုတာ……. ငါ့အတွက်တော့
သူ့ကိုပိုင်ဆိုင်ရမှ အချစ်မဟုတ်ဘူး
လက်ဝယ်ရှိနေမှ အချစ်မဟုတ်ဘူး
မြင်နေရရုံလေးလဲ အချစ်ပဲ
အဝေးကနေသူ့ကို ငေးကြည့်နေရရုံလေးလဲအချစ်ပဲ
အကုန်အကုန်ပြောမယ်ကွာ ငါ့ရှေ့ကနေသူ
ငါမဟုတ်တဲ့တခြားကောင်လေးတစ်ယောက်နဲ့တွဲသွားပါစေဦး
သူငါ့ရဲ့မျက်စိအောက်မှာရှိနေသေးတယ်ကွာ။
အဲဒါတွေကိုပဲ ငါအချစ်လို့မှတ်ပြီးတော့ တင်းတိမ်ရောင့်ရဲနိုင်တယ်။
ငါဒီစကားတွေကို သူ့ကိုလည်းပြောထားပြီးသားပါဟာ။
ငါဒီလောက်နားလည်းပေးရက်သားနဲ့ သူမို့လို့ငါ့အသည်းကို ဟက်တက်ခွဲပြီး ငါ့ကိုပစ်သွားရက်တယ်ကွာ။
သူငါ့အပေါ်ဘယ်လိုပဲဆက်ဆံဆက်ဆံ ဘယ်လောက်ပဲဆိုးနေနေ ခွင့်လွှတ်နိုင်ပါတယ်
အခုသူကငါ့ကို အဝေးကလှမ်းပြီး ငေးခွင့်လေးတောင်မပေးဘူးကွ
သူကငါ့ထက်သာတဲ့သူကို လက်ထပ်ပြီးနိုင်ငံခြားကို ထွက်သွားပြီလေ
ကဲ…. လရိပ်ရယ် နင်စဉ်းစားကြည့်စမ်း။ ငါ့ရဲ့အချစ်တွေကိုအကုန်ယူသွားပြီး အခုသူကငါမဟုတ်တဲ့တခြားတစ်ယောက်နဲ့ ငါ့မျက်စိအောက်ကပျောက်ကွယ်သွားပြီဟာ……။”

လရိပ်ရဲ့သူငယ်ချင်းလေး လတ်လတ်ဆပ်ဆပ်အသည်းကွဲပြီး လရိပ်ကိုရင်ဖွင့်သွားတဲ့စကားလေးပါ။ အမှတ်တရလေးအဖြစ်ရေးသားဖော်ပြလိုက်ပါတယ်။ ကဲ……….. လရိပ်ရဲ့ သယ်ရင်းကြီးရေ သယ်ရင်းရဲ့ အသည်းတွေနောက်ထပ်မကွဲဘဲ…. သယ်ရင်းရဲ့ အချစ်တို့ကိုလည်းနားလည်ပေးနိုင်တဲ့သယ်ရင်းရဲ့ အကောင်းဆုံးလက်တွဲဖော်လေး တစ်နေ့မှာ ပေါ်လာပါစေ…သယ်ရင်းရဲ့ တင်းတိမ်ရောင့်ရဲခြင်းအချစ်တွေကို သူနားလည်ပေးနိုင်ပြီး ပိုင်ဆိုင်မှုအချစ်သို့ပြောင်းလဲနိုင်ပါစေလို့ လရိပ်ဆုတောင်းပေးလိုက်ပါတယ်နော်……။

ရေးသားသူ။ ။ လရိပ်ချို(မူပိုင်)

Sunday, June 14, 2009

လရိပ်ရဲ့ ရင်ထဲကို ရောက်နေတဲ့ကဗျာလေးတစ်ပုဒ်ကို ရေးသားတင်ပြလိုက်ပါတယ်ရှင်။

ဘာတွေနဲ့ပြုစားခဲ့သလဲ
တစ်ချက်လေးငဲ့ကြည့်လိုက်တိုင်းမှာ
ရင်သက်လှိုက်မောတယ်။
အကြည့်တစ်ချက်ကြောင့်
ပြာကျသွားနိုင်လောက်တယ်ဆိုပေမယ့်
ကြွေတိုင်းမွှေးတဲ့ခရေလိုပဲ
အတိတ်ဆိုတာလဲ
သင်းသင်းလေးမွှေးခဲ့တယ်။
ယုံကြည်မယ်ဆိုရင်
ချစ်ခွင့်ကိုတော့မတောင်းခံလိုပါဘူး
ချစ်နေတာလေးကိုပဲ
အသိအမှတ်ပြုပေးဖို့ပါ။

ဒီကဗျာလေးကို လရိပ်ကူးရေးထားတာတော့ ကြာပါပြီ။ ဘလော့မှာဖော်ပြဖို့အိုင်ဒီယာလေးရလို့ အားလုံးဖတ်ရှုနိုင် အောင် ရေးသားလိုက်ခြင်းဖြစ်ပါတယ်ရှင်။

ရေးသားသူ။ ။လရိပ်ချို (မူပိုင်မဟုတ်ပါ)

Tuesday, June 9, 2009

လရိပ်ဒီတလောမီးကိုမမြင်ရတာတော်တော်တောင်ကြာပြီ။ အင်း…. စာရိုက်မယ် ပိုစ့်တင်မယ်လို့စဉ်းစားလိုက် တယ်။ မီးလားတယ်ဆိုပြီး ၀မ်းသာအားရနဲ့ ကွန်ပျူတာကိုဖွင့်တယ် ဟော… မီးကပြန်ပျက်တယ်။ မီးလာတယ် ဆိုပြီး စာရိုက်ဖို့ နောက်တစ်ခါကွန်ပျူတာဖွင့်တယ်။ အမှတ်မရှိသေးတာလေ..။ မီးကပျက်သွားပြန်တယ်။ အော်… ဒီနေ့ရုံးကနေစဉ်းစားလာတယ်။ မီးလာတယ် ပိုစ့်ရိုက်မယ်ပေါ့။ အဟင့် ဟင့်… မီးကမလာဘူးတဲ့။ ကဲ…. ဘယ်လို လုပ်ရပါမလဲ ကိုကိုမီးရယ်လို့ပဲ အော်လိုက်ချင်တော့တယ်။
ကဲ ညဉ်းချင်းလေးတော့ပြီးသွားပြီ အဟိ။ ပို့်စ်အသစ်မတင်ဖြစ်တာကို အကြောင်းပြတာ။ လရိပ်ကတော့ ကော်နက်ရှင်အပြစ်တင်လိုက် မီးကိုအပြစ်တင်လိုက်နဲ့လို့ ထင်ကြမယ်ထင်တယ်နော်။ အဲဒီလိုတော့ မထင် လိုက်ကြပါနဲ့။ အဲဒီသဘောမဟုတ်ရပါဘူး။ လရိပ်တို့ ပို့စ်တင်ဖို့က ဒါတွေရှိမှဖြစ်မှာလေလို့။ အဲဒါကြောင့် ညဉ်းမိတာပါရှင်။
အော် … နေပါဦး…. မီးကို အပြစ်တင်နေတာ လရိပ်ရေးမယ့်ပိုစ့်လေးတောင်မေ့သွားတယ်။ ဘာရေးမလို့ပါလိမ့်။ ပြန်တောင်စဉ်းစားရတယ်။ အော်….. သိပြီ။ လရိပ်ကြည့်ဖူးတဲ့ ရုပ်ရှင်ကားလေးအကြောင်းကို လရိပ်ဘော်ဒါ တွေကို ပြောပြမလို့လေ။
အဲဒီကားလေးကတော်တော်ကောင်းတယ်။ ပညာပေးလေးဆိုပါတော့။ ကဲ…. လရိပ်ကြည့်ထားသမျှကို ခံစား တင်ပြလိုက်မယ် လာလေရော့လေဟယ်……
အဲဒီဇာတ်လမ်းလေးကတော့…………ကောင်လေးနဲ့ ကောင်မလေး ချစ်သူစဖြစ်တဲ့ပုံစံလေးနဲ့ စထားတယ်။ ကောင်လေးနဲ့ကောင်မလေးတို့ ချစ်သူမဖြစ်ခင်က ကောင်လေးမှာစေ့စပ်ထားတဲ့သူရှိတယ်လေ။ ကောင်လေးက အဲဒီကောင်မလေးကို မချစ်ဘူး။ အိမ်ကသဘောတူလို့သာ ယူရမှာလေ။ နောက်တော့ကောင်လေးက သူသိပ်ချစ်ရတဲ့ ကောင်မလေးကိုတွေ့သွားတယ်လေ။ အဲဒါကို့ သူနဲ့စေ့စပ်ထားတဲ့ကောင်မလေးက သိသွားပြီး စေ့စပ်ထားတာကို ဖျက်သိမ်းလိုက်တာပေါ့။ အဲဒီတော့မှ သူလည်းသူချစ်တဲ့ကောင်မလေးကို ဖွင့်ပြောပြီး သူတို့နှစ်ယောက် လက်ထပ်လိုက်တယ်လေ။ ဒီကောင်မလေးနဲ့လက်ထပ်တာကို ကောင်လေးအိမ်က လုံးဝ သဘောမတူဘူးလေ။ ဒါကြောင့်ကောင်လေးက သူ့အစွမ်းအစနဲ့ပဲ အိမ်လေးငှားပြီးတော့ အဲဒီအိမ်လေးမှာ သူတို့နှစ်ယောက်နေကြတယ်။ လက်မထပ်ခင်ကတည်းက ကောင်မလေးက အမြဲတမ်းလိုလို ခေါင်းကိုက်တတ် တယ်လေ။ လက်ထပ်ပြီးတော့ အဲဒီရောဂါကပိုဆိုးလာတာပေါ့။ ဒါနဲ့ကောင်လေးက ကောင်မလေးကို ဆေးခန်း သွားပြဖို့တိုက်တွန်းပြီး ဆေးခန်းကိုခေါ်သွားတာပေါ့။ ဆေးခန်းမှာ ဓာတ်မှန်တို့ဘာတို့ရိုက် လိုအပ်တာတွေ အားလုံးလုပ်ပြီးတော့ ဆရာဝန်က ကောင်လေးကိုခေါ်ပြောလိုက်တယ်။ ကောင်မလေးဦးနှောက်ထဲမှာ အကြိတ်ဖြစ် နေတယ်တဲ့၊ ရောဂါက လည်းတော်တော်ရင့်နေပြီတဲ့လေ။ တော်တော်ကိုနောက်ကျသွားပြီတဲ့။ စောစောသာသိခဲ့ရင်ဒီလောက်ထိ မဆိုးနိုင်ဘူးပေါ့။ ခုတော့သောက်ဆေးနဲ့ကုလို့လည်းမရနိုင်သလို ခွဲစိပ်ရင်လည်း ပြန်ကောင်းဖို့ရာခိုင်နှုန်းက ၁၀% လို့လည်း ဆိုရော ကောင်လေးမှာအရုပ်ကြိုးပြတ်ပဲပေါ့။ ကောင်လေးမှာ ကောင်မလေးကို ဖွင့်လည်းမပြောရက် ဘာလုပ်လို့ ဘာကိုင်ရမှန်းလည်းမသိဖြစ်ပြီး နောက်ဆုံးတော့ ကောင်လေး ရဲ့ အမူအရာကိုကြည့်ပြီး ကောင်မလေးက မေးလိုက်ရာကနေ သူ့ရောဂါကိုသိသွားတာပေါ့။ အဲဒီဇာတ်လမ်းလေး နောက်ဆုံးကတော့ ပြောဖို့တောင် မလိုတော့ ဘူးထင်ပါတယ်နော်။ ကောင်မလေးက အသက်ဆုံးသွားတာပေါ့။
ဒီကားလေးကြည့်ပြီးတော့ လရိပ်ငိုလိုက်ရတာ မျက်ရည်တောင် တစ်ဇလုံလောက်ရတယ်။ သူတို့လက်ထပ်ပြီးလို့ လပိုင်းလေးပဲရှိသေးတာ။ ကောင်မလေးက ဆုံးသွားတာလေ။ သနားစရာလေး… ပြောရင်းနဲ့တောင်ငိုချင်လာပြီ။
ဒီကားလေးမှာ ချစ်တဲ့သူချင်းညားပြီးတော့လည်း သက်ဆိုးမရှည် ကြာရှည်မပေါင်းလိုက်ရဘူးလေ။ ဒီကားလေးက အချစ်ကားလေးဆိုတာထက် ပညာပေးကားလေးလို့ဆိုရင်လည်းမမှားနိုင်ဘူးထင်ပါတယ်။ ဒီကားလေးကိုကြည့်ပြီး သင်ခန်းစာရတာက ဘယ်ရောဂါကိုမဆို သေးသေးကြီးကြီး ပေါ့ပေါ့တန်တန်မထားဖို့နဲ့ တတ်ကျွမ်းတဲ့ဆရာဝန်ကို ပြသင့်တယ်လို့ လရိပ်တော့ကထင်တယ်။ အဲဒါမှလည်း ကြိုတင်ကာကွယ်နိုင်တာ ကာကွယ်လို့ရနိုင်သလို ကုသမှပျောက်ကင်းမယ်ဆိုလည်း အချိန်မီကုသနိုင်မှာပေါ့နော်။

ရေးသားသူ။ ။ လရိပ်ချို(မူပိုင်)

Friday, May 8, 2009

မင်းရဲ့ အချစ်တွေနဲ့
ငါ့ရဲ့ဘ၀ကို ထုံမွှန်းထားခဲ့ပြီးမှ
မင်းပေးတဲ့ အမုန်းတွေကို
ငါဘယ်လိုခံယူရမှာလဲ။
မင်းရှိမှနေနိုင်တဲ့ငါ
မင်းထားသွားတော့
ဘယ်လိုနေရမှာလဲ။
မင်းပေးခဲ့တဲ့ ကတိတွေနဲ့
အတူထားခဲ့တဲ့သစ္စာတရားကို
မင်းမေ့ရက်ပြီလား။
အေးစက်နေတဲ့မင်းရဲ့စကားသံကို
မခံစားနိုင်တာငါ့ရဲ့အပြစ်လား
စူးရှမာကြောတဲ့မင်းရဲ့အကြည့်ကို
ရင်မဆိုင်ရဲတာငါ့ရဲ့အပြစ်လား
သေချာတာတစ်ခုကတော့
အခုထိမင်းကို
တမ်းတနေဆဲ
သတိရနေဆဲ
ချစ်နေဆဲပါကွာ။
ဒါတွေဟာ
မင်းကိုချစ်မိတဲ့ ငါ့ရဲ့အပြစ်တွေပါ။

ရေးသားသူ။ ။ လရိပ်ချို (မူပိုင်)

လရိပ်ကို လူတစ်ယောက်က မေးဖူးတယ်။ အဲဒီမေးခွန်းဟာ လရိပ်တကယ် မျှော်လင့်မထားတဲ့ မေးခွန်း………အင်း ဒီလိုပြောလို့လည်းရသေးတယ် ….. လရိပ်လည်းတစ်ခါမှ သေသေချာချာ မစဉ်းစားဖူးတဲ့ မေးခွန်းလေးပေါ့။

အဲဒီမေးခွန်းက “အချစ်ဆိုတာကိုဘယ်လိုနားလည်လဲ” တဲ့လေ။ အဲဒီအဖြေကို လရိပ်ကိုယ်တိုင် လည်း အတိအကျ မသိတာတော့အမှန်ပါ။ အချစ်ဆိုတာက တကယ်တော့ အဓိပါယ်ဖွင့်လို့မရဘူးလားမသိဘူးနော်။ လရိပ်က တောင်မှသူ့ကိုပြန်မေးလိုက်ချင်ပါသေးတယ်…….. “တကယ်လို့ ကိုယ့်စိတ်ထဲမှာ အဲဒီသူတစ်ယောက် ကို အရမ်းသတိရနေမိတယ်ဆိုရင် အချိန်တိုင်းမှာ သူ့အကြောင်းကိုပဲတွေးနေမိတယ်ဆိုရင် အဲဒါအချစ်လားဟင်။ အဲဒါကိုအချစ်လို့ယူဆရင် သူ့ကိုအမြဲတမ်းတွေ့နေချင်တဲ့စိတ်ကရော။ ဒါမှမဟုတ် သူ့ရဲ့ အသံကိုမမြဲတမ်း ကြားချင်နေတဲ့စိတ်ကရော။ အဲဒါတွေအကုန်လုံးကိုအချစ်လို့ယူဆရမှာလား။ ဒါမှမဟုတ်စွဲလမ်းခြင်းလို့ ယူဆရမှာလားဟင်။ ဒါမှမဟုတ်စွဲလမ်းခြင်းက အချစ်လားဟင်” လို့လေ။

ဒီလိုဆိုရင်တော့ လူတွေဟာ သူတို့ကိုယ်သူတို့ နှိပ်စက်နေကြလေခြင်းလို့ လရိပ်ကတော့မြင်ပါတယ်။ စွဲလမ်းတယ်ဆိုတာ ဘာကိုပဲစွဲလမ်းစွဲလမ်း မကောင်းတာတော့အမှန်ပါပဲ။ ဒီစွဲလမ်းမှုဆိုတဲ့အချစ်ကို လူတွေက မစွန့်ပယ်နိုင်ကြဘူးနော်။ ဒါပေမယ့်လည်း လူမှန်ရင်အချစ်နဲ့မကင်းတာအမှန်ပဲလို့လည်း ကြားတော့ ကြားဖူးပါရဲ့လေ။ ကိုယ်ပိုင်ဆိုင်ရတဲ့အချစ်က အချစ်စစ်နဲ့ အတုအယောင်အချစ်ပဲကွာမယ်ထင်ပါတယ်။ လရိပ်ကတော့ ပူလောင်ရမယ့်အတူတူ အချစ်စစ်ကိုပဲတွေ့ချင်တယ်။ ဟိ… လရိပ်လောဘများကြီးသွားလားမသိ… :P ။

သီချင်းတောင်ရှိသေးတယ်လေ……“ကမ္ဘာပေါ်မှာလူတိုင်း စကားလေးတစ်ခွန်းကိုပြောဖူးကြတယ် အဲဒါဟာ ချစ်တယ်တဲ့……….” အချစ်ကြောင့်လူတွေစိတ်ချမ်းသာမှုကို ရနိုင်သလို အချစ်ကြောင့်ပဲ လူတွေ စိတ်ဆင်းရဲမှုတွေ ဖြစ်ပေါ်ရတယ်လေ။ ဒါဆိုရင်စိတ်ချမ်းသာမှုအတွက်ချစ်တာကတော့ ဟုတ်ပါပြီ။ စိတ်ဆင်းရဲမှန်းကို သိနေရက်နဲ့ရော ဘာလို့များ အချစ်ကို စမ်းသပ်ချင်ကြတာလဲဟင်။ အချစ်မှာ ဘာအစွမ်းသတ္တိများရှိလို့ ဘာတန်ခိုးတွေများရှိလို့ ဒီလိုမျိုးအဖြစ်တွေကို ဖန်တီးနိုင်ရတာလဲမသိဘူးနော်။ လရိပ်ကိုယ်တိုင်တော့ အဖြေကိုရှာမရပါဘူးလေ။ ဒါ့ကြောင့်လရိပ်ကတော့ အချစ်ဆိုတာကို စမ်းသပ်ပြီးရင်းလည်း စမ်းသပ်ချင် ချစ်ပြီးရင်လည်း နောက်ထပ်ချစ်ချင်။ အချစ်နဲ့တွေ့ပြန်တော့လည်း စိတ်ဆင်းရဲမှု စိတ်ချမ်းသာမှုကို ရမယ်လို့သိရက်နဲ့ စမ်းသပ်ချင်ကြ……… မကောင်းမှန်းသိရက်နဲ့လည်း ရှေ့ဆက်ထပ်ချစ်ချင်ကြလို့ အချစ်ကို ငရုတ်သီးနဲ့ပဲတင်စားချင်တော့တယ်။ ငရုတ်သီးဟာ ပူစပ်ပူလောင်နဲ့ လျှာမှာစွဲကျန်ခဲ့တဲ့ အရသာရှိတာကိုက ကိုယ့်ကိုယ်ကို ဒုက္ခပေးနေတဲ့အရသာကြီးလေ။ ဒါပေမယ့် သူ့ကိုစားရင်အ၀င်လည်းဆိုး အထွက်လည်းဆိုးတယ် ဆိုတာလည်းသိတယ်။ သိရက်နဲ့လည်း လူတွေက စားကြချင်ကြတယ်။ စားပြီးရင်လည်းပဲ ဆက်စားချင်နေတယ်။ အဲဒါကြောင့် အချစ်သည် ငရုတ်သီးနှင့်တူသည်လို့ပဲ လရိပ် တင်စားလိုက်ပါရစေနော်။

ကဲ……….လရိပ်ရဲ့ သူငယ်ချင်းတွေ မောင်နှမတွေကရော အချစ်ဆိုတာကို ဘယ်လိုထင်ကြလဲဟင်။ ထင်မြင်ချက်လေးတွေရှိရင် ပေးသွားပါဦးနော်။ မကွယ်မ၀ှက်တမ်းပေါ့။

ရေးသားသူ။ ။လရိပ်ချို(မူပိုင်)

Tuesday, April 7, 2009

သင်္ကြန်တောင်ရောက်တော့မယ်ဆိုရင်ဖြင့် လရိပ်တို့ရုံးမှာ သင်္ကြန်အတွက် အစီအစဉ်တွေ ချပြီပေါ့။ ဟိ ဟိ နီးရင်တောင်ဟုတ်ဘူး။ နှစ်လလောက်အလိုကတည်းက တိုင်ပင်နေကြတာလေ။ ရုံးကမမတို့ကတော့ ထုံးစံအတိုင်းလည်မယ် ပတ်မယ်ပေါ့။ လရိပ်ကိုရော `နင်သင်္ကြန်ဘာလုပ်မှာလဲ´ လို့မေးပါလေရော။ လရိပ်ကတော့ `မီးကတော့တရားစခန်းဝင်မှာပေါ့မမရဲ့´ လို့ ပြန်ဖြေ လိုက်တယ်။ `မရဘူးဟာ နင်တရားစခန်းမ၀င်ရဘူး။ ငါတို့နဲ့လိုက်လည်ရမယ်´ လို့လဲပြန်ပြောရော ………. လရိပ်ဘယ်လိုလုပ်ရ မယ်မသိပါဘူး။ လရိပ်က `ဟုတ်ဘူးမမတို့ရ ညီမလေးက လည်ရမှာမျက်စိနောက်တယ် လူရှုပ်တယ် ပြီးတော့လည်ချင်စိတ်လည်းမရှိပါဘူး´ လို့လဲပြောရော `ဒါဆိုလည်း နေပေါ့´ ဆိုပြီးပြန်ပြောပါလေရော။
စကားကြုံတိုင်းလည်း`နင်သင်္ကြန်ငါတို့နဲ့လည်ဟာ…….´ ဆိုတာချည်းပဲ ပြောနေတော့တာပဲ။ သူတို့ပြောတိုင်းလည်း လရိပ်က ငြင်းမြဲငြင်းဆဲပဲလေ။
တစ်ရက်လရိပ်ကျူရှင်တက်တော့ လရိပ်ရဲ့သူငယ်ချင်းက `နင်သင်္ကြန်ဘာလုပ်မှာလဲ´ ဆိုပြီးမေးပြန်ပါလေရော။
လရိပ်က `ဘာလုပ်ရမှန်းမသိသေးပါဘူးဟာ။ ရုံးကမမတွေကတော့ လည်ဖို့ခေါ်နေတယ်။ ဒါပေမယ့် ငါမလည်ချင်လို့ တရားစခန်းပဲဝင်ရင်ကောင်းမလားမသိဘူးဟ´ လို့ဖြေလိုက်ပြီး `နင်ရော သင်္ကြန်ဘာလုပ်မှာလဲ။ နယ်ပဲပြန်မှာလား´ လို့မေးလိုက်တော့ သူက `ဟုတ်ဘူးဟ။ ငါက ငပလီသွားမလို့။ ငါ့အဒေါ်တွေနဲ့လေ။ အဲဒါနင်လိုက်ခဲ့မလား´ တဲ့။ ကဲ……… ဒီတစ်ခါတော့ လရိပ်တို့က နှစ်ခါမပြောရပါဘူး။ `အင်း…….. ငါလိုက်ချင်တယ်ဟ။ ငါငပလီကို ဒီအတိုင်းပဲရောက်တာ။ ငါတစ်ခါမှ ငပလီမှာသင်္ကြန်မကျဖူးဘူး။´ လို့လဲပြောလိုက်ရော သူတော်တော်ပျော်သွားလေရဲ့။ `နင်လိုက်မယ်ဆိုတော့ အတော်ပဲ ငါတစ်ယောက်တည်းဖြစ်နေတာ ငါနဲ့ရွယ်တူတစ်ယောက်မှ မပါဘူးဟ အဒေါ်တွေနဲ့ဆိုတော့လေ အိမ်ကလိုက်သွားဆိုလို့သာလိုက်ရတယ်ဟ´ တဲ့လေ။ လရိပ်လည်း အဲဒီတော့မှ စိတ်ထဲမှာ `အော်……… ငါသူများစိတ်ချမ်းသာအောင် လိုက်လိုက်မယ်လေ´ပေါ့ (PS. လရိပ်ကသိပ်လိုက်ချင်တာတော့မဟုတ်ပါ……….. :P) ။
နောက်နေ့ရုံးရောက်တော့ လရိပ်က သင်္ကြန်ကို ငပလီသွားမယ်လို့လဲပြောလိုက်ရော…. ချစ်မမတို့ရဲ့မေတ္တာပို့သမှုကို ခံယူရပါလေရော……… `အရူးမ…… အပေါမ…….. ဟင် နင်ကငါတို့ခေါ်တော့ဖြင့်မလိုက်ဘူး… သူတော်ကောင်းမကြီးလုပ်ပြီးတရားစခန်းဝင်မလေး ဘာလေးနဲ့….. ဘာလဲ ကဲမယ့်ကဲတော့လည်း တစ်ဖက်ကမ်းတောင်ရောက်လိုက်သေးတယ် ရန်ကုန်တောင်မဟုတ်ဘူး ငပလီတောင်ရောက်သွားသေးတယ်´ တဲ့လေ။

PS. ငပလီကို ပစ္စည်းမှာချင်ရင် လရိပ်ကိုတိုက်ရိုက်ဆက်သွယ်နိုင်ပါတယ်…. လရိပ်က ရန်ကုန်ကနေ 9ရက်နေ့သွားမှာပါ။ လရိပ်ရဲ့ဖွတ်ဖုန်းနံပါတ်ကတော့ 095……….. ဖြစ်ပါတယ်ရှင်။

ရေးသားသူ။ ။ လရိပ်ချို (မူပိုင်)

Tuesday, March 31, 2009

`မုန်းတယ်တဲ့´
သူ့နှုတ်က လွယ်လွယ်လေးပြောရက်ပေမယ့် ကျွန်မရဲ့အသည်းကို ဓားနဲ့မွှန်းသလို နာကျင်ခံစားရပါတယ်။
ကျွန်မရဲ့အသည်းတွေလည်း ရစရာမရှိအောင် အပိုင်းပိုင်းကြေမွသွားခဲ့သလိုပဲ။
ဘုရားရေ.......
သူဟန်ဆောင်ပြောနေတာပဲဖြစ်လိုက်ပါတော့။
ဒါပေမယ့်
သူအပြောက သိပ်မလေးနက်သလိုပဲ။
ဒါဆို
ကျွန်မတို့နှစ်ယောက် ချစ်ခဲ့ကြတဲ့ရက်တွေက ဘာတွေလဲ။
အိပ်မက်တွေလား။
ဒါမှမဟုတ် ကျွန်မအတွက်သူပေးခဲ့တဲ့ လှည့်စားခြင်းတွေလား။
တကယ်ပါ။
သူနဲ့ချစ်ခဲ့ကြတယ့်နေ့တွေမှာ ကျွန်မတကယ်ကို ပျော်ခဲ့ပါတယ်။
ကြည်နူးခဲ့ပါတယ်။
သူနဲ့အတူချစ်ခွင့်ရတဲ့ရက်တွေကို ဘယ်တော့မှမေ့ပစ်မှာမဟုတ်တော့ပါဘူးလေ။
ကျွန်မအတွက်သူဆိုတာ အနာဂတ်မှာမရှိတော့တဲ့ကျွန်မရဲ့အတိတ်လေးတစ်ခုပါပဲ...........

Sunday, March 29, 2009

အင်း......... အခုတလော ပျင်းပျင်းရှိတာနဲ့ စာလည်းမရေးဖြစ် ပို့စ်လည်းမတင်ဖြစ်ပါဘူးလေ...
အတော်ပဲဖြစ်သွားတာက ကော်နက်ရှင်ကလည်းမကောင်းဘူးလေ...
ဟိဟိ
ကော်နက်ရှင်မကောင်းချက်ကတော့ ၈ျီလေးတောင်တော့လို့မရ ပို့စ်တင်လို့လည်းမရ
ရေးထားတာလေးရှိတော့လည်း အင်တာနက်ဆိုင်လေးသွားပါတယ်
ကော်နက်ရှင်ကကျ.....
ကော်နက်ရှင်ကောင်းမကောင်းမေးပြီး နည်းနည်းရတယ်ဆိုလို့ထိုင်ပြန်တော့ ရေးထားတဲ့ပို့စ်ကမပါ
ဟိုနေ့က အင်တာနက်လေးသုံးမလားလို့ သွားပါတယ်
ကော်နက်ရှင်ကျနေတယ်အမတဲ့
နောက်နေ့ကျတော့ ရတယ်အမတဲ့ ၀င်လည်းဝင်သွားရော ပြောမယ်ကျန်တော့ ၈ျီတော့ထဲမှာ တစ်ယောက်တောင်မကျန်တော့ဘူး
သူတို့ဘယ်များပျောက်သွားပါလိမ့်ပေါ့
ကိုယ်တောင်ဇဝေဇ၀ါဖြစ်သွားတယ်
ဟော..... မကြာပါဘူး ကိုယ်လည်းSigning in ဖြစ်
နောက်တော့ ထွက်သွားပါလေရောလေ
ကော်နက်ရှင်လေးပြန်ကောင်းမလားလို့ဆောင့်ရင်းနဲ့ ပိုက်ပိုက်သာပိုကုန်လာပါတယ်
ဒီလိုနဲ့ ဒီလိုနဲ့ ...........
အော် ခက်ပြီပေါ့ကော်နက်ရှင်ရယ်
ဘယ်တော့များမှ ကောင်းမှာပါလိမ့်နော်

Wednesday, March 18, 2009

သြော်….. ဘာလိုလိုနဲ့ နှစ်ဟောင်းကုန်လို့ နှစ်သစ်တောင်ရောက်တော့မှာပါလား။ ရွှေဝါရောင်ပန်းပိတောက်တွေ လည်း ပွင့်တော့မှာပေါ့လေ။ အခုဆိုရင် မြန်မာတို့ နှစ်သက်တဲ့ရိုးရာပွဲသင်္ကြန်ဆိုတာ တောင်ရောက်လာတော့ မှာပဲ။ ဒီလိုပဲ…. အတာကြူးတဲ့တန်ခူးလကို ရောက်ပြီဆိုရင် ကျွန်မရင်ထဲက အလွမ်းတွေက ပိုမိုလို့ပြင်းထန်လာ ပါတော့တယ်။ မတွေ့ရတဲ့နှစ်တွေလည်းကြာခဲ့ပြီပဲလေ။ ဒါပေမယ့်ကျွန်မရင်ထဲက သူ့ကိုချစ်တဲ့အချစ်တွေနဲ့ အလွမ်းစိတ်ကတော့ ဘယ်တော့မှ ပျောက်ပျက်သွားမှာကိုမဟုတ်တော့ပါဘူးလေ။

ကျွန်မအတွက် သင်္ကြန်ဆိုတာ သူနဲ့မတွေ့ခင်ကတော့ ဘာမှကိုမဟုတ်ခဲ့တာပါ။ သင်္ကြန်ရောက်တော့မယ် ဆိုတာ ကိုတောင် မေ့လျော့နေတတ်တာပါ။ ကျွန်မက သင်္ကြန်ဆိုတာကို သမရိုးကျပဲ နှစ်ဟောင်းကုန်လို့ နှစ်သစ်ကူးတဲ့ အခါသမယလို့ပဲ မှတ်ပါတယ်။ အခုတော့ သူ့ကြောင့် သင်္ကြန်ဆိုတာကို မရောက်ခင်ကတည်းက ကျွန်မက ကြိုလွမ်းတတ်ခဲ့ပါပြီရောလေ။ လွမ်းရင်လည်းလွမ်းချင်စရာပဲလေ။ သူ့ရဲ့မွေးနေ့ကိုက မမှတ်မိချင်လို့ လည်းမရတဲ့ သင်္ကြန်မှာ ဖြစ်နေတာကိုး။ ဒီတော့ ကျွန်မက အဝေးကိုရောက်နေတဲ့ သူ့ကို သတိမရဘဲဘယ်ရှိပါ့မ လဲလေ။ သူ့ကို မလွမ်းချင်လို့ အလွမ်းစိတ်ကိုဖျောက်ထားရင်တောင်မှ ဘေးလူတွေက သတိမရရအောင်လုပ်နေ သလို သူ့ရဲ့ မွေးနေ့ကလည်း ဒီအချိန်ကြီးမှလာဖြစ်နေတာကိုး။ သူကသင်္ကြန်မှာသာမွေးတာ သူသင်္ကြန်မှာ အပြင် ထွက်တာကိုမတွေ့ရဘူး။ သူ့ကို ဘယ်တော့မှရေပက်ခံထွက်တာတို့ သူငယ်ချင်းတွေနဲ့ မဏ္ဋပ်ထိုင်တာတို့ လည်းမတွေ့ရဘူး။ သူ့အိမ်မှာပဲ သူနေတာပဲလေ။ ဟိ…. သူကယောက်ျားလေးသာပြောတယ် သင်္ကြန်မှာ ကလေးတွေကသူ့ကို ရေလိုက်ပက်တာတောင် သူကထွက်ပြေးနေတာလေ။ သူကထူးတော့ထူးဆန်းသားနော်။

ကျွန်မလည်းသင်္ကြန်ကိုဘယ်မှမသွားတတ်ပါဘူး။ ဒါပေမယ့် ကျွန်မက တစ်နှစ်မှာတစ်ခါပွင့်တဲ့ ရွေဝါရောင် ပန်းပိ တောက်ကိုတော့ အလွန်ကိုနှစ်သက်ပါတယ်။ တစ်နှစ်မှာ တစ်ခါပဲပွင့်လို့လားတော့မသိဘူး ကျွန်မကတော့နှစ် တိုင်း ပိတောက်ပန်းလေးကိုတော့ဖြင့် ပန်လိုက်ရမှ။ ပိတောက်ရဲ့ ရနံ့ကလည်းကျွန်မရင်ကို အလွန်အေးမြစေပါ တယ်။ အခုတော့ သင်္ကြန်ကို ရောက်တော့မယ်ဆိုရင် အရင်က သတိတောင်မရတတ်တဲ့ကျွန်မက သူ့ကြောင့် သင်္ကြန်ဆိုတာကို အလွမ်းတွေနဲ့ ကျော်လွန်ကုန်ဆုံးရဦးမှာပါပဲလေ။ ကျွန်မရဲ့ ရင်ထဲက အလွမ်းတွေကိုတော့ဖြင့် သူသိနိုင်ကောင်းပါရဲ့လေ။

ရေးသားသူ။ ။ လရိပ်ချို(မူပိုင်)

Tuesday, March 10, 2009

အိမ်ခေါင်မိုးပေါ်က မိုးရေစက်သံ
ငါ့ရင်ကို တံခါးခေါက်နေသကဲ့သို့
ငါ့ရဲ့အတိတ်ကို အငြှိုးကြီးကြီးနဲ့
နှိုးဆွနေလေသလား။

ငါဟာ
မင်းကိုမေ့ချင်လို့ မေ့ထားခဲ့တာမဟုတ်ရပါဘူး
မင်းကိုငါ့ရင်ထဲက နှင်ထုတ်ချင်လို့
မင်းကို ငါ့ရဲ့အဝေးဆုံး ပို့ခဲ့တာမဟုတ်ရပါဘူး။

မင်းရဲ့ ခြေလှမ်းတိုင်းမှာ ငါဟာ ဆူးညှောင့်ခလုတ်တစ်ခု
ငါဟာမင်းဘ၀ရဲ့ အနှောင့်အယှက်တစ်ခု
ဖြစ်နေမှာဆိုးလို့
မင်းဆိုတဲ့
ငါ့နှလုံးသားမှာ မှတ်ကျောက်တင်ထားတဲ့
ငါ့ရင်ထဲမှာ
နက်နက်ရှိုင်းရှိုင်း ဆူးနစ်စိုက်ဝင်နေတဲ့
မြားတစ်စင်းကို
နာကျင်မယ်မှန်းသိရက်နဲ့
ဆွဲနှုတ်ခဲ့ရတာပါ။

ရေးသားသူ။ ။ လရိပ်ချို(မူပိုင်)

Sunday, March 1, 2009

လိုင်းကားစီးရင်း စိတ်ကူးယဉ်လာသော အပျိုကြီးအား ကားခတောင်းစဉ်ပြုံးတုံ့လှယ်အဖြစ်ကား…..
“အစ်မကြီး ဘယ်နှယောက်လဲ”
“နှစ်ယောက်”
“တစ်ယောက်က ဘယ်သူလဲခင်ဗျား”
“အဲ…. အဲ…. ယောင်လို့။ တစ်ယောက်တည်း တစ်ယောက်တည်း”
“ဗျာ”

Saturday, February 28, 2009

ငယ်ချစ်နှင့် လွဲခဲ့သော လူပျိုကြီး၏အဖြစ်ကား…..
“ဖျာတွေ ဆိုက်စုံပါတယ်။ ပန်းတနော်ဖျာချောတွေရမယ်။”
“ဖျာသည်…. လာပါဦး”
“အစ်ကိုကြီးနှစ်ယောက်အိပ်ဖျာတွေ အကွက်အရမ်းလှတယ်။ ဈေးလျှော့ပေးမယ်”
“ဟေ့…. ငါ့တစ်သက်နှစ်ယောက်အိပ်ဖျာဆိုရင် လေသံတောင်မကြားချင်ဘူး။ တစ်ယောက်အိပ်ဖျာပဲပြ။ ဘယ်လောက်ဈေးဖြစ်ဖြစ်ဝယ်မယ်”
“အယ်……”

ညဥ့်နက်သန်းခေါင်မှ ပြန်လာလေ့ရှိသော ယမကာလုလင်အားဇနီးသည်က-
“ညတိုင်း ဒီလိုထိုင်စောင့် တံခါးဖွင့်ပေးနေရရင် မခက်ဘူးလား”
“မပူပါနဲ့ လွယ်အောင်လုပ်တဲ့နည်းရှိပါတယ်။ မိန်းမရာ”
“သိရင်လည်း မြန်မြန်ပြော ကြာရင်ကျွန်မအသက်တိုလိမ့်မယ်”
“တစ်ညလုံးအတွက် ပိုက်ဆံအလုံအလောက်ထည့်ပေးလိုက်လေ”
“ဂစ်”

“ကျွန်တော့်ပိုက်ဆံအိတ်ကို လုပြေးသွားလို့၊ လုပ်ကြပါဦးဗျို့”
အပြေးချန်ပီယံတစ်ယောက်က ဒီလိုအော်လိုက်တော့ လမ်းသွားလမ်းလာတစ်ယောက်က မေးလိုက်ပါတယ်။
“ခင်ဗျားက အပြေးချန်ပီယံပဲဗျာ။ အလစ်သုတ်ပြေးတဲ့လူကို မီအောင်မလိုက်နိုင်ဘူးလား”
“အံမယ်၊ မီရုံဘယ်ကမလဲ၊ အပြတ်အသတ်ကိုကျော်တက်သွားတာ။ အဲ………. ကျွန်တော်နောက်ကိုပြန်လှည့်ကြည့်လိုက်တော့ ဒီလူမရှိတော့ဘူးဗျ”

Wednesday, February 25, 2009

ကမ္ဘာပေါ်ရှိလူအများစု ခံစားနေရတဲ့ စိတ်ဖိစီးမှုတွေကို လျှော့ချပြီး လူကို တည်ငြိမ်မှုရရှိစေမယ့် နည်းလမ်း ၁၀၀ ကို စာရေးဆရာမ Jenny Sutcliffe က သူ့ရဲ့ Chill ဆိုတဲ့စာအုပ်ထဲမှာ ဖော်ပြခဲ့ပါတယ်။ ထိုနည်းလမ်းများထဲမှ အလွယ်ဆုံးနည်းလမ်း ငါးသွယ်ကိုဖော်ပြလိုက်ပါတယ်။
(၁) ခြေတစ်ပေါင်ကျိုးရပ်တဲ့နည်း
ခြေတစ်ပေါင်ကျိုးရပ်နေတဲ့အခါမှာ ဦးနှောက်ဟာ ကြွက်သားတွေဆီကလာတဲ့ အာရုံခံစားမှု အချက်အလက် ပေါင်းများစွာကို စိစစ်ရပါတော့မယ်။ ပြီးရင် ခန္ဒာကိုယ်ကို တည်တည်ငြိမ်ငြိမ် ရပ်တည်နေလို့ရအောင် လမ်းညွှန်မှု တွေကို ဦးနှောက်က ကြွက်သားတွေဆီပြန်ပို့ပေးရတော့မှာပါ။ အကျိုးသက်ရောက်မှုအနေနဲ့ ခန္ဒာကိုယ်နဲ့ စိတ်ရဲ့ စုစည်းမှုကို ရလာပြီး တခြားသော လှုံ့ဆော်မှုတွေကိုပါ ဖြစ်ပေါ်စေပါတယ်။
(၂) သွေးခုန်နှုန်းစမ်းသပ်လျှော့ချနည်း
သွေးခုန်နှုန်းကို ရှာဖွေစမ်းသပ်ပြီး ဒီသွေးခုန်နှုန်းလျော့ကျသွားအောင် အာရုံစူးစိုက်ထားလိုက်ပါ။ အလေ့အကျင့်တော့လိုပါတယ်။ ဒါပေမယ့် မကြာခင်မှာပဲ ကိုယ့်နှလုံးသွေးခုန်နှုန်းကို ကိုယ်ထိန်းချုပ်လာနိုင်ပြီး စိတ်ဖိစီးမှုတွေကို လျှော့ချလာနိုင်မှာပါပဲ။
(၃) တောခြစ်၊ တောင်ခြစ်လုပ်တဲ့နည်း
ပြသနာတစ်ရပ်ကို အဖြေရှာမရဖြစ်နေတာဟာ ကိုယ့်ရဲ့ဦးနှောက်ကို ဘယ်ဘက်အခြမ်း ကျိုးကြောင်းဆင်ခြင်တဲ့အပိုင်းကို အရမ်းအလုပ်လုပ်ခိုင်းပြီး ၀န်ပိနေစေလို့ ဖြစ်ပါတယ်။ စာရွက်တစ်ရွက်ပေါ်မှာ ပုံလေးတွေကို ရည်ရွယ်ချက်မရှိဘဲရေးဆွဲနေလိုက်ပါ။ ဒီလိုလုပ်နေရင် ဦးနှောက်ရဲ့ ဖန်တီးမှုနဲ့ အနုပညာဆိုင်ရာ အခြမ်းကို အလုပ်လုပ်စေပြီး ဘယ်ဘက်အခြမ်းကို အနားပေးလိုက်ရာရောက်သွားပါပြီ။ ဒီအခါမှာ ဦးနှောက်ရဲ့ ဘယ်ညာအခြမ်းနှစ်ခြမ်းကြားမှာ ဆက်သွယ်မှုတွေပေါ်လာပြီး ညာဘက်အခြမ်းရဲ့ ဖျတ်ခနဲပေါ်လာတတ်တဲ့ စိတ်လှုံ့ဆော်မှုကြောင့်ပြသနာရဲ့ အဖြေပေါ်ထွက်လာနိုင်ပါတယ်။
(၄) ရေခဲတုံးတွေသုံးတဲ့နည်း
စိတ်ဖိစီးမှုရနေရင် ကိုယ့်ရဲ့ပါးစပ်နဲ့ လည်ချောင်းတွေ တင်းတောင့်နေတတ်ပါတယ်။ ရေခဲတုံးလေးတစ်တုံး လောက် ပါးစပ်ထဲထည့်ထားလိုက်ပါ။ ပါးစပ်ထဲက အေးမြတဲ့ ခံစားမှုကြောင့် ခံစားရတဲ့ ခေါင်းကိုက်ဝေဒနာတွေကိုပါ သက်သာစေပါတယ်။ အရသာရှိတဲ့ ရေခဲတုံးနဲ့ ရေခဲချောင်းတွေဟာလည်း စိတ်ဖိစီးမှုကို လျော့ပါးစေပါတယ်။
(၅) မက်ဂနီစီယမ်နဲ့ ကုစားနည်း
စိတ်လှုပ်ရှားမှုကြောင့် စိတ်တင်းကျပ်မှုတွေ ခံစားရတာ၊ စိတ်ဆိုးလွယ်တာ၊ အချိုတွေ စားချင်နေတာနဲ့ ၀မ်းချုပ်တာတွေဟာ မက်ဂနီစီယမ်ဓာတ်ချို့တဲ့နေလို့ ဖြစ်နိုင်ပါတယ်။ မက်ဂနီစီယမ်ဟာ ဦးနှောက်ထဲမှာသိုလှောင်ပစ္စည်းအဖြစ် ရှိနေတတ်ပြီး စိတ်ဖိစီးမှုတွေရရင်လျော့ပါးလာတတ်ပါတယ်။ ဒီလိုအခါမှာတော့ ပန်းသီး၊ ဂေါ်ဖီထုပ်၊ မုန်လာရွက်၊ စီရီရယ်နဲ့ ပဲပိစပ်တို့လို မက်ဂနီစီယမ်ကြွယ်ဝတဲ့ အစားအစာတွေကို စားပြီး ခန္ဒာကိုယ်တွင်းက မက်ဂနီစီယမ်ကို လျော့ပါးစေတဲ့ အဆီများတဲ့ အစားအစာတွေကို လျှော့စားရမှာ ဖြစ်ပါတယ်။

Friday, January 30, 2009

စိတ်ဖိစီးမှုရနေလို့ အိပ်မပျော်ဘူး၊ အိပ်ဆေးတွေသောက်ရမလားလို့ဆိုရင် စိတ်ဖိစီးမှုဝင်နေချိန်မှာ ကောင်းကောင်းအိပ်မရတာဟာ သ ဘာဝလို့ဆိုရပါမယ်။ ဒါ့ကြောင့် စိတ်ဖိစီးမှုကိုလျော့နည်းစေပြီး အိပ်ပျော်ချင်ရင်တော့ အောက်ပါအချက်များကို လိုက်နာဆောင်ရွက် သင့်ပါတယ်။ ရုပ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်နေရင် ပုရိသအများစုဟာ အိပ်ပျော်တတ်တာမို့ မနက်တိုင်းမှာမိနစ်၄၀လောက် လမ်းမြန်မြန် လျှောက်ပေးပါ။ အိပ်ဆေးတွေဟာ စွဲစေတတ်ပြီး၊ လူအများစုကို မူးဝေ၊ နွမ်းနယ်စေတတ်ပါတယ်။ ဒါ့ကြောင့် အိပ်ဆေးကို မသောက်သုံးပဲ အိပ်ရာမ၀င်ခင်အလုပ်နဲ့ မပတ်သက်တဲ့စာလေးတွေဖတ်၊ အရက်နဲ့ ကော်ဖီကို ရှောင်မယ်ဆိုရင်တော့ အိပ်မပျော်တဲ့ ဝေဒနာကို ကုစား လို့ရနိုင်ပါတယ်။

ညီမလေးတို့ရေ
ယောက်ျားယူတော့မယ်ဆိုရင်လေ……
 ယောက်ျားလေးတစ်ယောက်အဖို့ ရုပ်ချောဖို့မလိုပါဘူး။ ပိုက်ဆံလေးထောရင်ပြီးတာပါပဲလေနော့်။ Shopping မှာမ၀ယ်ဘဲ ဈေးကိုအနည်းဆုံးသုံးပတ်လောက် လျှောက်ကြည့်တာကို မငြီးမငြူ ဂျီးမထူပဲ လိုက်နိုင်ရင်တော်ပါပြီ။
 ယောက်ျားလေးတစ်ယောက်အဖို့ သူအရင်နေခဲ့တဲ့အိမ်ကျယ်မကျယ်က အရေးမကြီးပါဘူး။ လက်ထပ်ပြီးရင်နေမယ့် အိမ်ကိုသာ ကြီးကြီးလေးဝယ်ထားရင်ပြီးတာပါပဲလေ။
 မင်္ဂလာဆောင်မယ့်စရိတ်အတွက်လည်း ပူစရာမလိုပါဘူး။ သူ့လက်ထဲမှာရှိတဲ့ပိုက်ဆံအကုန် ကိုယ့်လက်ထဲအပ်ထားမယ်ဆိုရင် ကိုယ်ကစိုက်ထုတ်ပေးမှာပေါ့လေ။
 အသွင်မတူအိမ်သူမဖြစ်တဲ့။ အသွင်တူအောင်သူက ဘောလုံးပွဲကြည့်မယ်ဆိုရင် ကိုယ်ကဘောလုံးသမားတွေကိုကြည့်လိုက်ပေါ့။ တစ်ပွဲမှာတစ်ယောက်တော့ အရမ်းချောမှာအသေအချာပဲလေ။
 သူ့ကျန်းမာရေးကိုဂရုစိုက်ပေးရမယ်နော်။ အသားဓာတ်လိုရင် “ပဲ” သာများများကျွေးပေါ့။ အသားစားလို့ သွားကိုက်ရင် သူအရမ်းခံစားနေရမှာစိုးရိမ်လို့ လုံးဝမကျွေးမိစေနဲ့နော်။ ကိုယ့်ယောက်ျားဖြစ်တဲ့သူက ဝေဒနာခံစားနေရရင် ဘယ်မိန်းမကြည့်ရက်မှာလဲနော်။ ဒါ့ကြောင့်အသားဆိုရင် ကိုယ်ကသာအနစ်နာခံပြီးတော့ စားပေးလိုက်ပေါ့။
 ကိုယ့်ယောက်ျားက ခေတ်နဲ့တပြေးညီဖြစ်နေရင် နောက်မိန်းမယူသွားမှာကို စိုးရိမ်နေရလိမ့်မယ်။ အဲ…. ဒါကြောင့် သူ့အတွက်အင်္ကျီနှစ်ထည်၊ ပုဆိုးနှစ်ထည်ရှိရင် တော်ရောပေါ့။ ကိုယ်ကတော့ခေတ်နဲ့အညီ နေနိုင်မှယောက်ျားအချစ်မလျော့မှာမို့ လှတပတလေးဆိုရင် ၀ယ်သာဝယ်နော်။ ဈေးနှုန်းဆိုတာက ကိုယ်ပြောမှသူသိတာမဟုတ်လား။
 ထမင်းချက်တဲ့နေရာမှာလည်း ချို၊ ချဉ်၊ ငန်၊ စပ်၊ ပျော့၊ တူး၊ မနပ် ဆိုတဲ့စကားနဲ့အညီ တစ်နေ့ တစ်နေ့အရသာမထပ်အောင် ချက်ကျွေးရမယ်နော်။ ကိုယ်ကလုံးဝမစားနိုင်ရင်တော့ တစ်ခုခုစားစရာ ၀ယ်ပြီး ချက်ပြုတ်နေတုန်းစားထားနှင့်ပေါ့။ ထမင်းဘာလို့မစားတာလဲ ဆိုရင်တော့ ၀ိတ်ချနေတယ်ပေါ့လေ။
 အ၀တ်အစားတွေလျှော်ဖွတ်ရမှာတော့ အိမ်ရှင်မတွေရဲ့တာဝန်ဆိုတော့လေ သူပြောစရာမလိုခင် ကိုယ်ကဦးအောင်လုပ်ထားရမှာပေါ့လေ။ Laundry Service ဆိုင်တွေရှိနေတာပဲဟာ။
 အိမ်ခန်းသန့်ရှင်းရေးလုပ်ရတာလည်း လွယ်ပါတယ်။ ဖွထားတာမှန်သမျှလွင့်သာပစ်လိုက်။ နောက်ဆိုရင် ရှုပ်အောင်ဘယ်သူမှလုပ်မှာမဟုတ်တော့ဘူးပေါ့။
 လှည်းကျင်းလျှော်ဖွပ်ရတာ ပင်ပန်းနေပြီဆိုရင်တော့ နားလိုက်တော့ပေါ့။ ပန်းကန်ခွက်ယောက်ဆေးဖို့ လည်း ပူစရာမလိုပါဘူးနော်။ Paper Plates တို့ Paper Cup တို့ရှိသားပဲဟာ။
 ဈေးသွားရင်လည်း သူလိုက်ပါစေလေ။ မဟုတ်ရင်အမှိုက်ထုပ်ကြီးကိုယ်သယ်နေရမှာပေါ့။ အမှိုက်ထုပ်က ဈေးခြင်းထဲထည့်ယူမှာမဟုတ်လား။ ဈေးဝယ်ပြီးလို့အပြန်ကျရင်တော့ ကိုယ်ကသယ်ပေးလိုက်ပေါ့လေ။ ကူလီခကဘယ်လောက်မှမရှိပါဘူး။
 ကိုယ်နဲ့သဘောထားချင်းမတိုက်ဆိုင်ရင် အတင်းကြီးညိုမယူပါနဲ့လေ။ ကိုယ်လုပ်ချင်ရာသာလုပ်လိုက်ပါ။
 သူကကိုယ်လိုချင်တာတွေကို ၀ယ်ပေးဖို့ငြင်းဆန်နေရင်၊ ကိုယ့်ကိုအလိုလိုက်အလျှော့ပေးနောက်ဆုတ် ဖို့ တွန့်ဆုတ်နေရင်တော့ Holly wood ကမင်းသမီးတွေယောက်ျားဘယ်နှစ်ယောက်ယူသလဲဆိုတဲ့ စာရင်းလေးလုပ်ပြီးတော့သာ သူ့ကိုပြလိုက်ပေါ့။
အသိတစ်ယောက်က ယောက်ျားလေးတို့ မိန်းမများယူရင်လေဆိုတဲ့စာသားလေးကို ဖတ်ခိုင်းလိုက်တဲ့အခါမှာ မိန်းကလေးများအတွက်မခံချင်ဖြစ်မိပါတယ်။ ဒါကြောင့် ဒီမှတ်စုလေးကို မေးကနေတဆင့်ရလို့ အစ်မကြီး၊ ညီမလေးတို့ သိရှိနိုင်အောင် ဖော်ပြလိုက်ပါတယ်။

Thursday, January 22, 2009

- ဇမ္မူတိုင်းမှာ အဖြေညှိပြရရင်
အပူလှိုင်းဖြာ ဝေဒနိကတွေနဲ့
လူတိုင်းဟာ အမေရှိကြတယ်။
မရေမရာ ပဟေဠိတွေကြောင့်
အသေအချာ အဖေမသိတောင်မှ
အမေရှိတယ်။
- ချစ်သဒ္ဒါဝေကဲ
ပြည့်တန်ဆာအမေလည်း အမေ၊
အကြွေးကြွယ်လှတဲ့
ဈေးသည်မအမေလည်း အမေ၊
အကြောင်းတရားအခြေမွဲ
သူတောင်းစားအမေလည်း အမေ။
- သားသမီးတွေ ကြီးထွားစေရော့လို့
စီးပွားအထွေထွေ
စိန်ရွှေပတ္တမြား အိမ်မြေကားနဲ့
ငွေသားအမွေ
ပေးနိုင်မှ အမေမဟုတ်။
- ယိုင်နဲ့နဲ့တဲအတွင်း
လှဲခင်းအိပ်နေစရာ တိုးဖယ်ပေးခဲ့
အရိုးဟင်း တစ်ဖဲ့စီဝေ
ထမင်းရည်အတူသောက်
ဗိုက်မှောက်တော့အတူတူ။
- ခြင်ထောင်မရှိ ခြုံစောင်မရှိ
ခင်းအိပ်စရာ ဖျာလည်းမရှိလို့
ခြင်ကိုသွေးလှူ အတူတူ
ကြမ်းပိုးသွေးလှူ အတူတူ
အပူကိုမျှဝေ
ဒုက္ခကို ပိုမိုလေးနက်စေ
ပညာအမွေ ရွှေအိုး
ရိုးသားမှုဂုဏ်သိက္ခာ
မေတ္တာ အကြင်နာမှတစ်ပါး
အခြားပေးစရာ အထွေထွေမွဲသော်လည်း
အမေဟာအမေပဲလေ…….။

(အောင်လှိုင်ထွန်း)

စကော့တလန်ပြည်၊ တောင်ကုန်းများထူထပ်သော အရပ်ဒေသတစ်ခုက တကယ့်ဖြစ်ရပ်မှန်လေးတစ်ခု ဖြစ်သည်။ ထိုဒေသတွင် ကြီးမားထွားကျိုင်းသော လင်းယုန်ကြီးတွေရှိသည်။ တစ်နေ့တွင် လင်းယုန်ကြီး တစ်ကောင်က ပုခက်အတွင်းမှ ကလေးတစ်ယောက်အား သုတ်ချီယူလာပြီး မြင့်မားမတ်စောက်သော ကျောက် တောင်တစ်တောင်၏ အစွန်အဖျားတွင် ချထားလေသည်။ ထိုကလေး၏မိခင်ကား ရူးမတတ်ဖြစ်နေရှာသည်။

တစ်ရွာလုံး အုတ်အော်သောင်းနင်းဖြစ်သွားကာ တောင်ထိပ်ပေါ်သို့ သူ့ထက်ငါ လှမ်းကာကြည့်နေ ကြသည်။ တက်ရဲမည့် သူရဲကောင်းကားပေါ်မလာ။ ကလေးကို တောင်ပေါ်မှ ပြန်ယူပေးနိုင်ရန် အမျိုးမျိုး အကြံဥာဏ်ထုတ်နေကြသော်လည်း အချည်းအနှီးသာ။

ထိုအချိန်မှာပင် ခွန်အားဗလတောင့်တင်းသော သင်္ဘောသားတစ်ယောက်က ကလေးကို သူရအောင် ကယ်မည်ဟုဆိုကာ မတ်စောက်သောတောင်ပေါ်သို့ တက်လေသည်။ ရွာသူရွာသားအားလုံးတို့ကလည်း အမျိုးမျိုး ဆူညံအော်ဟစ်ကာ အားပေးနေကြသည်။ တောင်၏သုံးပုံတစ်ပုံ၊ ထို့နောက် တောင်၏တစ်ဝက်သို့ ရောက်၏။

အော်ဟစ်အားပေးသံများ ဆူညံနေသည့်ကြားကပင် သင်္ဘောသားမှာ ဆက်လက်၍မတက်နိုင်ဟုဆိုကာ ပြန်ဆင်းလာရလေသည်။ ထို့နောက် တောင်တက်သမားတစ်ယောက်က တက်ပြန်သည်။ တောင်တက်သမား လည်း တောင်သုံးပုံနှစ်ပုံခန့်ရောက်သောအခါမှာပင် လက်လျှော့ကာ ပြန်ဆင်းလာပြန်လေသည်။ တောင်တက် သမားပင်လျှင် လက်လျှော့လိုက်သောအခါတွင် ရွာသူရွာသားများမှာ ဘာမျှမတတ်နိုင်တော့ပေ။ အားငယ်စွာ ဖြင့်သာ ကြည့်နေမိကြရလေသည်။

ထိုအချိန်မှာပင် တောသူမတစ်ယောက်က သူတက်မည်ဟုဆိုကာ တက်ပြန်လေသည်။ ယောက်ျားရင့်မ ကြီးများသည်ပင် မတက်နိုင်ကြသည်ကို မိန်းကလေးဆိုလျှင် မည်သို့မျှမဖြစ်နိုင် ဟုတွက်ဆပြီး အများစုက အမျိုး မျိုးတားမြစ်ကြ၏။

တောသူမကား တစ်ဦးတစ်ယောက်၏ စကားကိုမျှနားမ၀င်ဘဲ မတ်စောက်သော ကျောက်တောင်ကြီးကို ကုပ်ဖက်၍တက်လေသည်။ တောင်တစ်ဝက်သို့ရောက်သောအခါတွင် ၀ိုင်းကြည့်နေကြသူများက တောသူမအား အထင်မလျှော့ရဲကြတော့ဘဲ အော်ဟစ်ကာ အားပေးစကားဆိုလာကြသည်။

တောသူမသည် ဖြည်းဖြည်းချုင်းကုပ်ကပ်တက်ရင်းက သင်္ဘောသားနှင့်တောင်တက်သမားတို့ မတက် နိုင်သော တောင်ထိပ်သို့ ရောက်သွားလေသည်။ ထိုအခါ လူထု၏အားပေးသံများမှာလည်း ပိုမိုဆူညံလာ၏။ တောသူမသည် ကလေးကိုကောက်ပွေ့၍ အားရပါးရ အထပ်ထပ် အခါခါ နမ်းရှုပ်လိုက်ပြီး ကျောကုန်းတွင် အနှီးစ ကိုသိုင်းပိုးကာ သူတက်လာခဲ့သည့်အတိုင်း ကုပ်ကပ်ပြန်ဆင်းလေသည်။ အောင်မြင်စွာနှင့် တောင်အောက်သို့ ရောက်လာခဲ့လေသည်။

ထို့ကြောင့်အံ့သြချီးမွမ်းသံများလည်း ဘ၀ဂ်ညံသွား၏။ ယောက်ျားရင့်မကြီးများပင် မတက်နိုင်ကြသော ကျောက်တောင်ကြီးကို တောသူမသည် အဘယ့်ကြောင့်တက်နိုင်ခဲ့သနည်း။ အသက်ကို ပဓာနမထားသော ကြောင့် တက်နိုင်ခဲ့ခြင်းဖြစ်သည်။ အဘယ့်ကြောင့် အသက်ကို ပဓာနမထားသနည်း။ ကလေးငယ်ကို မိမိအသက် ထက်ပို၍ ချစ်သောကြောင့်သာ၊ အဘယ့်ကြောင့် ကလေးငယ်ကို မိမိအသက်ထက်ပိုချစ်သနည်း။ ထိုတောသူမ သည် ထိုကလေးငယ်၏ မိခင်ဖြစ်သောကြောင့်ပင်တည်း။

မြင့်မားမတ်စောက်လွန်းသော ကျောက်တောင်ကြီးပေါ်သို့ သာမန်ယောက်ျား၊ မိန်းမတို့ မတက်နိုင်ကြ သည်မှာ လောကနိယာမပင်ဖြစ်၏။ သို့သော် ထိုတောင်ထိပ်ပေါ်တွင် မိမိ၏ရင်သွေးငယ်ရှိနေမည်ဆိုလျှင်၊ ထိုရင်သွေးငယ်ကိုလည်း မိမိကိုယ်တိုင် အသက်စွန့်ကြိုးပမ်းတက်ယူမှရတော့မည်ဟုဆိုလျှင်ကား မိခင်မေတ္တာ သည် ထိုနိယာမကိုလွန်ဆန်မည်သာဖြစ်၏။ ယခုပင်လျှင် တောသူမတစ်ယောက် လွန်ဆန်ခဲ့ပြီမဟုတ်ပါလား။






မိခင်မေတ္တာ၊ ပန်းရွှေကြာနှင့်
ပမာနှိုင်းဆို၊ မနှိုင်းလိုပါ
ထိုပန်းနွေခါ နွမ်းသောကြောင့်။

ကြာပန်းများပွင့်လန်းခြင်းမှာ အေးမြသော ရာသီဖြစ်သည့် မိုးရာသီမှာသာဖြစ်၏။ ပူပြင်းသော နွေရာသီမှာကား ထိုကြာပန်းတို့ မပွင့် လန်းနိုင်ဘဲ နွမ်းလျခဲ့ရလေသည်။ မိခင်တို့၏ မေတ္တာပန်းကား နွေ၊ မိုး၊ ဆောင်း ကာလသုံးပါလုံး ငွားငွားစွင့်စွင့် ပွင့်လန်းနေပါ၏။ မိခင်ဆိုသည်မှာ မိမိ၏ကျေးဇူးကို မသိသောသားသမီးအပေါ်မှာဖြစ်စေ၊ သိတတ်လိမ္မာသော သားသမီးများ အပေါ်မှာဖြစ်စေ၊ မိုက်မဲသောသားသမီးများ အပေါ်မှာဖြစ်စေ၊ မိခင်၏ မေတ္တာပန်းကား အမြဲတမ်း ပွင့်လန်း နေမည်ဖြစ်သောကြောင့် နွေမှာ နွမ်းသောပန်းရွှေကြာနှင့် ဘယ်လိုမှ နှိုင်းယှဉ်မရနိုင်ပေ။




မိခင်မေတ္တာ၊ လစ္ဒာနှင့်
ပမာနှိုင်းဆို၊ မနှိုင်းလိုပါ
ထိုလတိမ်ဖုံး မသာသောကြောင့်။
ကောင်းကင်တွင် လစန္ဒာသာသည် ဆိုခြင်းကား တိမ်မဖုံးမီလေးသာဖြစ်ပါ၏။ မိခင်မေတ္တာလမင်းကြီး ကား တိမ်ဖုံးသောအခါဟူ၍ (သို့) ငါ့မပေါ်မကောင်းသည့်သားသမီးပဲ မေတ္တာမထားနိုင်ပါဟူ၍ မည်သည့်အခါမျှ မရှိပေ။ ထို့ကြောင့် မိခင်မေတ္တာလမင်းကြီးကို ညအခါကောင်းကင်တွင် သာသောလစန္ဒာနှင့် တုနှိုင်းမရနိုင်ပေ။





မိခင်မေတ္တာ၊ စမ်းရေပြာနှင့်
ပမာနှိုင်းဆို၊ မနှိုင်းလိုပါ
ထိုစမ်းနွေခါ ခမ်းသောကြောင့်။
စမ်းရေပြာသည် မည်မျှပင် အေးမြသည်ဆိုသော်လည်း နွေကာလဆိုလျှင် ခမ်းရသည်သာဖြစ်ပါ၏။ မိခင် တစ်ဦး၏ မေတ္တာစမ်းရေကား အမြဲတမ်းဥတုသုံးပါးလုံး အေးမြနေသည်သာဖြစ်သည်။ ထို့ကြောင့် မိခင်မေတ္တာ စမ်းရေကို တောင်ကျစမ်းရေနှင့် နှိုင်းမရနိုင်ပေ။

ကောက်နှုတ်ချက်။ ။ မိဘမေတ္တာရသစုများ

;;

Template by:
Free Blog Templates